ရှမ်း-ကယားနယ်စပ် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည့် အောင်ပန်းမြို့ပြပြောက်ကျားအဖွဲ့ သုံးနှစ်ပြည့်ပြီ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရှမ်း-ကယား(ကရင်နီ) နယ်စပ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည့် Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား ) တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် သုံးနှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။
အောင်ပန်းမြို့ပြပြောက်ကျားအဖွဲ့သည် ယခင်က KLT.PDF (ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) အဖြစ်လှုပ်ရှားခဲ့ပြီး KLT.PDF မှ ရဲဘော်ရဲဘက်များနှင့် အောင်ပန်းဒေသမှ ရဲဘော်များ ပြန်လည်စုစည်းတည်ထောင်ထားသောတပ်ဖွဲ့ ဖြစ်သည်။
မြို့ပြပြောက်ကျားလုပ်ငန်းစဥ် (UG) ကို စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်တစ်နှစ်တာကာလအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်များနှင့် လုပ်ငန်းဌာနများအား ၁၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြို့ပြလုပ်ငန်းစဥ်များတွင် လုံခြုံရေးအခက်အခဲများ၊ အသက်အန္တရာယ်ထိခိုက်မှုများ ကြုံတွေ့ရပြီးနောက် ယာယီရပ်တန့်ကာ ကရင်နီဒေသတွင် အခြေစိုက်ပြီး မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဝင်ခဲ့သည်။
ရှမ်းကယားနယ်စပ် ခေါင်းအိတိုက်ပွဲ ၊ ဒီမောဆို ၊ ကုန်းသာတိုက်ပွဲ ၊ မိုးဗြဲတိုက်ပွဲ ၊ လွိုင်ကော် 1111 စစ်ဆင်ရေးများတွင် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု၏ တပ်ဖွဲ့တစ်ခုအနေဖြင့် ယခုချိန်ထိပါဝင်တိုက်ခိုက်နေဆဲဖြစ်သည်။
အောင်ပန်းမြို့ပြပြောက်ကျားအဖွဲ့သည် တော်လှန်ရေးအတွက် မဆုတ်မနစ်ကြိုးစားပါဝင်သွားမည်ဖြစ်ပြီး အာဏာရှင်ကျဆုံးသည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။
#MeKongNews









