မဲခေါင်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ကနေတဆင့် မြန်မာနိုင်ငံထဲသို့ တင်သွင်းနေသည့် စက်သုံးဆီနှင့် လျှပ်စစ်မီးကို ထိုင်းဘက်မှ ဖြတ်တောက်လိုက်ပြီးနောက်ပိုင်း ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များတွင် ဆိုလာမီးပေးစနစ်အပါအဝင် ဆိုလာသုံးပစ္စည်းများ ဈေးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆက်မြို့တို့တွင် ဆိုလာလျှပ်စစ်မီးထုတ်လုပ်သည့် Solar Deland 550 Watt အလျား ၇ပေ ၆လက်မ၊ အနံ၃ပေ ၉လက်မ တစ်ချပ်ကို ယခင်က ကျပ် ၁၀ သိန်းဝန်းကျင်သာရှိရာမှ ယခု ၁၂၄၄၀၀၀ ကျပ်၊ T3000 ဆိုလာမီးပေးစနစ်မှာပါဝင်သည့် Hyper Energy 3 kw inverter(24v) မှာ ယခင် ၁၀ သိန်းကျော်ရှိရာမှ ယခု ၂၅၀၅၀၀၀ကျပ်၊ ဘက်ထရီမှာ ယခင် ၁၂သိန်းကျော်ရှိသည့် One Acid Battery 200Ah ကို ယခုအက်စစ်အပါ ၁၄၅၃၀၀၀လေးရှိနေကာ အိမ်သုံး T1200 အတွဲကို ကျပ်သိန်း၅၀၊ T3000အတွဲကို ယမန်နေ့တွင် ကျပ်၁၀၂သိန်းရှိရာမှ ယနေ့ဖေဖော်ဝါရီ ၈ရက်နေ့တွင် ၁၀၅ သိန်းဟု ဈေးကွက်အတွင်းမှ သိရသည်။
“အိမ်မှာလိုအပ်တဲ့ အခြေခံသုံး T2500 ဆိုလာမီးပေးစနစ် ကပစ္စည်းဖိုးသီးသန့် သိန်း၁၀ဝကျော်ရှိပါတယ်။ တပ်ဆင်ခ၊ သယ်ယူခက သပ်သပ်ပါ”ဟု ဆိုလာအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
T3000 ဆိုလာမီးပေးစနစ်မှာ အဲကွန်း၊ ရေမော်တာ၊ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာ၊ ပန်ကာ၊ Aircooler၊ မီးထွန်း၊ ဖုန်းအားသွင်း၊ Wifi များကို တစ်ပြိုင်တည်းမဟုတ်ဘဲအလှည့်ကျသာအသုံးပြုနိုင်ကြောင်း စုံစမ်းသိရှိရသည်။
ယခုဖော်ပြသည့် စျေးနှုန်းများမှာ အမြန်ငွေသွင်း ပြေစာဖြတ်မှသာ စျေးစိတ်ချရမည်ဖြစ်ပြီး အချိန်နှင့်အမျှ စျေနှုန်းအပြောင်းအလဲဖြစ်နေကာ စျေးမြင့်တက်နေသည်ဟု ဆိုလာအရောင်းဆိုင်တစ်ဆိုင်၏ တာဝန်ရှိသူကပြောသည်။
ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားထုတ်သည့် စနစ်မှာ အစားစားရှိပြီး သာမာန်ရိုးရိုအိမ်မီတာကဲ့သို့ ဘက်စုံသုံးအသုံးဝင်သည့် စနစ် တပ်ဆင်မည်ဆိုပါက အနည်းဆုံးကျပ် ၁၀၀မှ သိန်း ၅၀၀ အထိ ကုန်ကျနိုင်ပြီး အသေးစား၊ အကြီးစားလုပ်ငန်းများအတွက်မူ ပိုမိုကုန်ကျမည် ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များတွင် စက်သုံးဆီဈေးလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး တရားဝင် ပန့်ဆီဆိုင်အများစုမှာ တစ်လီတာ ၂၉ ဘတ်နှင့် ရောင်းချနေဆဲဖြစ်သော်လည်း ပုံးဖြင့် ရောင်းချမှုမရှိသည့်အတွက် မီးစက်အတွက် ပြင်ပမှဝယ်ယူရာတွင် တစ်လီတာ ဘတ်၁၀၀ မှ ၂၀၀ အကြား ဝယ်ယူနေရကြောင်း သိရသည်။
တာချီလိတ် စက်သုံးဆီနှင့် ဆက်စပ်စျေးကွက်ဖြစ်သည့် ကျိုင်းတုံ ၊ မိုင်းဆတ် ၊ မိုင်းတုံ မြို့များတွင်လည်း ဆီကို အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ ဆီပန့်များ ပိတ်သိမ်းခြင်းမျး ရှိလာသလို ပြင်ပစျေးကွက်တွင် တစ်လီတာလျှင် ယခင်ကျပ် ၄၀၀၀ သာရှိရာမှ ဖေဖော်ဝါရီ ၇ရက်တွင် ကျပ်၅၀၀၀ အထိ စျေးမြင့်လာနေကြောင်းဒေသခံများထံမှ သိရသည်။
ကျားဖြန့်လုပ်ငန်းများ မရပ်တည်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူရှိ နယ်စပ်ဂိတ်များမှ မြန်မာဘက်သို့ လျှပ်စစ်မီးနှင့် လောင်စာဆီရောင်းချခြင်းကို ထိုင်းဘက်က ပိတ်ပင်လိုက်ပြီးနောက် ဒေသတွင်း ရိုက်ခတ်မှုများ မြင့်မားလာခြင်းဖြစ်သည်။
မဟာ
#MeKongNews
#ရှမ်းအရှေ့
#ဆိုလာပြား
#ဈေးတက်
#စက်သုံးဆီ








