မဲခေါင်၊ ဖေဖော်ဝါရီ ၁
အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း သေဆုံးသူ ၆၂၃၉ ဦးထဲမှာ ကလေး ၇၁၄ ဦးပါဝင်သလို လူ့အခွင့်အရေးချိုးဖောက်မှု များစွာလည်း ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
အာဏာသိမ်းစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ဒီနေ့( ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်)အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်းရှိ အရပ်သားပြည်သူစုစုပေါင်း ၆၂၃၉ ဦးသေဆုံးခဲ့ရာမှာ အဲဒီထဲကမှ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁၂၂ ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁၀၉ ရှိကြောင်း AAPP ပြောရေးဆိုခွင့်ရှိသူ ကိုအောင်မျိုးကျော်က မဲခေါင်ကိုပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးအရေအတွက်ထဲမှာ အမျိုးသမီး ၁၃၉၇ ဦးနဲ့ ကလေးငယ် ၇၁၄ ဦးအထိ ပါဝင်နေတယ်လို့ သိရပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း မြောက်များစွာကို အကြမ်း ဖက်စစ်အုပ်စုက ကျူးလွန်နေတယ်၊ အဲတော့ဒီကျူးလွန်မှုတွေက ဒီအတိုင်းပြီးသွားမှာတော့ မဟုတ်ဘူး၊ အရင်လိုမျိုး ငါတို့ ဘာပဲလုပ်လုပ် ငါတို့ကိုအရေးယူမယ့်သူမရှိဘူးဆိုတဲ့ကိစ္စမျိုးတွေကို ဒီနွေဦးတော်လှန်ရေးက တစ်ခါတည်း တိုက်ဖျက်သွား မှာဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒီအပြင်အာဏာသိမ်း ၄ နှစ်တာကာအတွင်း စစ်ကောင်စီကို ဆန့်ကျင်သူ နှစ်သောင်းကျော်ကိုလည်း ဖမ်းဆီးအကျဉ်းချထားပြီး နေ့စဉ် လေကြောင်းကဗုံးကြဲတာ၊ အရပ်သားပြည်သူတွေကို ပစ်ခတ်သက်ဖြတ်တာနဲ့ နေအိမ် ကျေးရွာတွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာအပြင် အရပ်သားပြည်သူတွေရဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေဆဲပါ။
“သေချာပေါက်ဒီလိုမျိုး ကျူးလွန်နေတဲ့ကိစ္စတွေ၊ ကျူးလွန်နေတဲ့သူတွေ၊ အမိန့်ပေးစေခိုင်းနေတဲ့သူတွေ၊ ကိုယ်တိုင် ကိုယ်ကျပါဝင်ပြီးကျူးလွန်နေတဲ့သူတွေ၊ ဒီလိုကျူးလွန်မှုကို အားပေးအားမြောက်လုပ်နေတဲ့သူတွေ အားလုံးကို တစ်ချိန်မှာသေ ချာပေါက် ထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုကို ခံရမှာဖြစ်တယ်လို့ သတိပေး ချင်ပါတယ်”လို့ ကိုအောင်မျိုးကျော်က ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း ထားတဲ့ ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူ ၆၂၀၀ ကျော်အနက် အမျိုးသမီး ၁၃၉၇ ဦးနဲ့ ကလေးငယ် ၇၁၄ ဦးအထိပါဝင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်မှုကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူစုစုပေါင်း ၂၈၄၄၄ ဦးရှိပြီး ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၅၈၉၄ ဦးနဲ့ ကလေး ၅၉၄ ဦးပါဝင်ကာ ထောင်တွင်းသေဒဏ်ပေးခံရသူ ၁၂၄ ဦးနဲ့ မျက်ကွယ်သေဒဏ်ပေးခံရသူ ၄၄ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
CJ-017
#MeKongNews
#နိုင်ငံတဝှမ်း
#စစ်ကောင်စီ
#ပြည်သူ၆၂၃၉
#ကလေး၇၁၄








