မဲခေါင်၊ ဖေဖော်ဝါရီ ၁
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို သွားရောက်သူတချို့ကို မယ်ဆိုင်ထဲအထိ မြန်မာရဲက ဝင်ရောက်ဖမ်းတာတွေရှိခဲ့လို့ သွားလာသူတွေ အထူးဂရုပြုဖို့လိုအပ်ကြောင်း မယ်ဆိုင်က မြန်မာနိုင်ငံသားတွေကို ကူညီနေသူတွေထံက သိရပါတယ်။
အခုနှစ်၊ ဇန်နဝါရီလက မယ်ဆိုင်ဘက်ကိုသွားရောက်တဲ့ မြန်မာနိုင်ငံသား ၄၀ ခန့်ကို တာချီလိတ်ဘက်က မြန်မာရဲတွေ ဝင်ရောက်ဖမ်းဆီးကာ တာချီလိတ်ဘက်ကို ပြန်လည်ခေါ်ဆောင်လာပြီး ပြည်ပအလုပ်အကိုင်ပို့ဆောင်ရေး အေဂျင်စီတွေကို ဖုန်းဆက်ခေါ်ယူကာ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်ဆောင်နေကြောင်းနဲ့ Passport နဲ့ စာရွက်စာတမ်းတွေကို ငွေပေးရွေးရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြည်သူစစ်မှုထမ်းစနစ်အရ စစ်မှုထမ်းဖို့ ကန့်သတ်အသက်ပြည့်မီတဲ့ လူငယ် လူရွယ်တွေ ပြည်ပထွက်ခွါခွင့်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ ရပ်ဆိုင်းကန့်သတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုပြုလုပ်လာတာ ဖြစ်ပါတယ်။
“OWIC (ပြည်ပအလုပ်အကိုင် အခွန်ဆောင်ကတ်) မပါရင် ဘတ် ၁၇၀၀၀ ကနေ ၂၀၀၀၀ ပေါက်တယ်ဗျ၊ ရဲအပေါ်မူတည်တာကိုး” လို့ မယ်ဆိုင်အခြေစိုက်အေဂျင်စီ တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်က မြန်မာနိုင်ငံသားတွေကို ကူညီနေသူတစ်ဦးကတော့ ထွက်လာသူတွေအနေနဲ့ လာတဲ့လမ်းကြောင်းကို မပြောဖို့၊ လမ်းခရီးမှာ လှုပ်ရှားရလွယ်အောင် ပေါ့ပေါ့ပါပါးလာဖို့ အကြံပြုပါတယ်။
“မယ်ဆိုင်ထဲထိကို မြန်မာရဲတွေ ဝင်ဆွဲတာရှိလို့ စကားပြောဆင်ခြင်တာ၊ လိုရာမရောက်ခင် ငြိမ်ငြိမ်သက်သက် ဖြတ်သန်းစေချင်တယ်” လို့ ပြောပါတယ်။
လမ်းခရီးတွေမှာ အသွင်ယူစောင့်ကြည့်တာတွေ ရှိနေတာကြောင့် လာတဲ့အခါမှာလည်း PASSPORT ၊ VISA တွေကို သေချာလုံခြုံအောင် သိမ်းဆည်းထားပြီး လုံးဝမထုတ်ဖို့နဲ့ ဂရုစိုက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ခုလို မြန်မာဘက်က ဝင်ဖမ်းတာကို မယ်ဆိုင်ဘက် ထိုင်းအာဏာပိုင်တွေက ကန့်ကွက်တာတွေမတွေ့ရဘူးလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ၊ ဒီဇင်ဘာလက ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ထွက်ခွာသူ တစ်ရာကျော်ရှိခဲ့ရာက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တာချီလိတ်က ထိုင်းဘက်သွားသူ ပိုမိုများပြားလာတယ်လို့လည်း သိရပါတယ်။
MK-012
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ရဲဝင်ဖမ်း
#လူငယ်လူရွယ်








