မဲခေါင်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ တိုက်ပွဲတွေအတွင်း SSLRU အဖွဲ့မှ ရဲဘော်နှစ်ဦးနဲ့ SSRY အဖွဲ့မှ ရဲဘော်တစ်ဦးတို့ ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီလက်နက်ကြီးကြောင့် ကျဆုံးခဲ့ကြောင်း သိရပါတယ်။
ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) မှ ရဲဘော် နှစ်ဦးနဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေမှာ အသက် ၁၈ နှစ်၊ အသက် ၂၄ နှစ်နဲ့ အသက် ၂၆ နှစ်အရွယ်တွေ ဖြစ်ကြတယ်လို့ SSLRU အဖွဲ့က ဒီနေ့ (ဇန်နဝါရီ ၂၈) မှာ ထုတ်ပြန်ပါတယ်။
ကျဆုံး ရဲဘော် သုံးဦးရဲ့ ဈာပနာအခမ်းအနားကို ဒီနေ့ (ဇန်နဝါရီ၂၈) မှာ ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်သုံးဦးအတွက် နေ့ဆွမ်းကပ်လှူခြင်း၊ ရေစက်ချ တရားနာခြင်း၊ ဂုဏ်ပြုအလေးပြုခြင်း နှင့် မြေချသဂြိုလ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး လွိုင်ကော်-မိုးဗြဲလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၂၂ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံအများစုလည်း စစ်ဘေးရှောင်နေရပါတယ်။ မနေ့က ပစ်ခတ်တဲ့ စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း ရှမ်းပြည်တောင်ပိုင်း အခြေစိုက် တော်လှန်ရေးတပ်တွေဖြစ်တဲ့ SSLRU နဲ့ SSRY အဖွဲ့တွေမှ ကျဆုံးရဲဘော် ကိုးဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေလည်း ရှိနေပါတယ်။
#MeKongNews
#စစ်ကောင်စီ
#မိုးဗြဲ
#လက်နက်ကြီး
#ရဲဘော်
#ကျဆုံး
#ဈာပန
#ရှမ်းတောင်
Photos- SSLRU





















