မဲခေါင်၊ ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းက တရားဝင် ကုန်သွယ်ခွင့်ရဖို့ကြိုးပမ်းနေတဲ့ မြန်မာ-ထိုင်း နယ်စပ်ကျောက်တိုင် အမှတ် ၁ ဂိတ် (BP-1)ပြန်ဖွင့်ပါက ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးအထိပါ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ပေါက်လာမှာဖြစ်လို့ ဂိတ်ဖွင့်ဖို့မျှော်လင့်ကြပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်က မြန်မာ-ထိုင်း နယ်စပ်ကျောက်တိုင် အမှတ် ၁ ဂိတ်ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က တစ်ရက်တာဖွင်လှစ်ခွင့်ပေးခဲ့ပေမယ့် အခုနှစ်မှာ မဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တစ်ရက်တာ ဖွင့်ဖြစ်ခဲ့ရင်တောင် အခမဲ့ဖြတ်သန်းနိုင်ပြီး ထိုင်းဘက်ကနေ တာချီလိတ်မယ်ဆိုင်ထက် အရည်အသွေးပိုကောင်းပြီး စျေးနှုန်းသက်သာတဲ့ ထိုင်းနိုင်ငံထုတ် ပစ္စည်းတွေဝယ်ခွင့်ရလို့ ဂိတ်ဖွင့်ဖို့ကို မိုင်းတုံ၊ မိုင်းဆတ်ဘက်ကစောင့်မျှော်ကြတာပါ။
ဂိတ်ဖွင့်တဲ့ တစ်ရက်တာမှာလည်း မြန်မာဘက်ကသာ ထိုင်းနိုင်ငံဘက်ကို သွားလို့ရပေမယ့် ထိုင်းဘက်အဝင်တော့ ခွင့်မပြုပါဘူး။
အဲ့ဒီဂိတ်က တရားဝင်ကုန်သွယ်ခွင့်ရရှိပါက တာချီလိတ်လို ဒေသဖွံဖြိုးလာမှာဖြစ်သလို တောင်ကြီးအထိ ကုန်သွယ်မှုလမ်းတစ်ခု ပေါ်ပေါက်လာမှာဖြစ်လို့ ဒေသခံတွေ ထိုင်းကုန်သည်တွေကလည်း မျှော်လင့်ကြပါတယ်။
၂၀၀၀ ပြည့်နှစ်အထိ နားလည်မှုနဲ့ နှစ်နိုင်ငံဒေသခံပြည်သူတွေ သွားလာခွင့်ရခဲ့ရာက ‘ဝ’ တောင်ပိုင်း စစ်ဒေသ ၁၇၁ အခြေပြုလာတာ၊ မူးယစ်ဆေးဝါးအများအပြား မကြာခဏဖမ်းမိတာနဲ့ မြန်မာဘက်က စစ်ရေးအခြေအနေတွေကြောင့် ဂိတ်ပိတ်သွားတာဖြစ်ပါတယ်။
အမှတ် ၁ နယ်ခြား ကျောက်တိုင် BP-1ဂိတ်ဟာ ပုံပါကျင်ကနေ ၉ မိုင်ဝေးပြီး တစ်ဘက်ထိုင်းနိုင်ငံမှာတော့ ၁မိုင်ခန့်သာဝေးတဲ့နေရာမှာ နောင်အုပ် ခေါ် အလွတ်နိုထိုင်း ကျေးရွာဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နဲ့ နေ့ချင်းပြန်သွားလာနိုင်ပါတယ်။
မြန်မာဘက်က တောတောင်တွေ ကျော်ဖြတ်ပြီးမှသွားလို့ရတဲ့ RCSS ဌာန ချုပ်ရှိရာလွိုင်တိုင်းလျန်းကို ထိုင်းဘက် နောင်အုပ်ရွာကနေ အလွယ်တကူသွားလို့ရတဲ့ ကားလမ်းလည်း ရှိပါတယ်။
BP-1ဂိတ်အနီး မီတာ၂၀၀ အကွာခန့်မှာ UWSA က ဖောက်ထားတဲ့ သီးခြားဂိတ်ရှိပေမယ့် တရားဝင်ကုန်သွယ်မှုတော့ မရှိပါဘူး။
MK-012
#MeKongNews
#BP1
#မြန်မာထိုင်း
#နယ်စပ်ဂိတ်
#မိုင်းတုံမြို့








