မဲခေါင်၊ ဇန်နဝါရီ ၁၄
စစ်ကောင်စီဩဇာခံ PNO ပြည်သူ့စစ်က တိုက်ပွဲမှာဖမ်းမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ငါးဦးကို မနေ့က( ဇန်နဝါရီ ၁၃) မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာသတ်ဖြတ်လိုက်ပါတယ်။
ဖမ်းဆီးခံ စစ်သုံ့ပန်း ငါးဦးကို PNO မသတ်ခင် ဇန်နဝါရီ ၁၃ ရက်၊ မနက် ၈ နာရီခန့်မှာ ရဲဘော် ငါးဦး အသက်ရှင်လျက်ရှိနေတာကို PNO ပြည်သူ့ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပြီး အဲ့ဒီနေ့ ၁၀ နာရီ ၁၅ မိနစ်မှာ သတ်ဖြတ်ခဲ့ကြောင်းကို အဲ့ဒီနေ့ညမှာ PNO ထုတ်ပြန်တဲ့ ဓာတ်ပုံပါအချိန်အရသိရတယ်လို့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
“ ဒီလုပ်ရပ်မျိုးက အင်မတန် အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်၊ ဖမ်းမိတဲ့စစ်သုံ့ပန်းကိုသတ်ဖြတ်တယ်ဆိုတာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာပဲဖြစ်ပါတယ်”လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကမဲခေါင်ကိုပြောပါတယ်။
ဇန်နဝါရီလ ၁၂ ရက်က ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီနဲ့ PNO ပြည်သူစစ်ပူးပေါင်းအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ PNLA ဘက်က ရဲဘော်ငါးဦးဖမ်းခံရတဲ့အပြင် တစ်ဦးကျဆုံးခဲ့ပါတယ်။
အဲ့ဒိတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ထက်မနည်းကျဆုံးခဲ့တယ်လို့ PNLA ကဒီနေ့ထုတ်ပြန်ပါတယ်။
PNLA အနေနဲ့ စစ်အာဏာရှင်စနစ်အား တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ PNO စစ်သုံ့ပန်းတွေကို နှိပ်စက်သတ်ဖြတ်မျိုးမလုပ်ပဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားခဲ့ပေမယ့် PNO ပြည်သူ့စစ်က ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို အခုလိုသတ်ဖြတ်တာဟာ ဥပဒေချိုးဖေါက်တာဖြစ်သလို စစ်ကောင်စီအလိုကျ ပအိုဝ်းလူမျိုးအချင်ချင်းကိုပြန်လည်သတ်ဖြတ်နေတာလို့ဆိုပါတယ်။
“ PNO မှာ ဦးဆောင်နေတဲ့ သူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကိုကိုယ် သေသေချချာ စဉ်းစားသုံးသပ်ကြည်ကြပါ၊ စစ်အာဏာရှင်အတွက် ကိုယ့်လူမျိုးအချင်းချင်းကိုသတ်ဖြတ်နေတာ လုပ်ရက်ကြသလား၊ ဒီလိုလုပ်တာကိုပျော်နေသလား” လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကမေးခွန်းထုတ်ပါတယ်။
၂၀၂၂ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက်က လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ရွာကို အလည်ပြန်တဲ့ PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
MK-017
#MeKongNews
#PNO
#စစ်သုံ့ပန်း
#ငါးဦးကိုသတ်ဖြတ်
#PNLA








