မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ပီကင်းဈေးအနီးကို စစ်ကောင်စီတပ်က ဒီနေ့ညနေ ၃ နာရီဝန်းကျင်က လေကြောင်းကနေဗုံးနှစ်လုံးကြဲခဲ့တာကြောင့် ဒေသခံတချို့ ဒဏ်ရာရကာ နေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေက ပေါင် ၂၀၀ ဗုံးနှစ်လုံးကြဲခဲ့တယ်လို့ပြောပါတယ်။ တော်လှန်ရေးထောက်ပို့အဖွဲ့ဝင်တစ်ဦးကတော့ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ ပေါင် ၁၂၀ တစ်လုံးကြဲချသွားတယ်လို့ပြောပါတယ်။
“အရင်ကဆို ညဖက်တွေပဲကြဲတာ၊ ခုက နေ့လည်ဖက်တောင်မလွတ်တော့ဘူး၊ ကျီးလန့်စာ စားနေရသလိုဖြစ်နေပြီ၊ လမ်းသွားလမ်းလာတွေထိတယ်ကြားတယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒေသခံသတင်းအရင်းအမြစ်ရဲ့တစ်ဦးရဲ့အပြောအရ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ဦးခေါင်းနောက်ဘက် ထိခိုက်ဒဏ်ရာရရှိကာ အသက် ၂၀အရွယ် အမျိုးသားတစ်ဦးလက်မှာ ဒဏ်ရာရရှိတာကြောင့် ဆေးရုံကိုပို့ဆောင်ထားပြီးကြောင်းနဲ့ကားနှစ်စီးနဲ့ လက်ဘက်ရည်ဆိုင်၊ အပ်ချုပ်ဆိုင်အပါအဝင် နေအိမ် ငါးလုံးပျက်စီးတယ်လို့သိရပါတယ်။
ပီကင်းကျေးရွာဟာ အိမ်ခြေပေါင်း ၆၀၀ ကျော်ရှိကာစစ်ဘေးရှောင်အများအပြား ခိုလုံနေတဲ့ကျေးရွာဖြစ်ပြီး အခု တစ်ကြိမ်နဲ့ဆိုရင် ပီကင်းရွာကို နှစ်ကြိမ်မြှောက်လေယာဉ်နဲ့ဗုံးကြဲတာဖြစ်ပါတယ်။
ဧပြီလ ၁၁ ရက်၊ ည ၁၀နာရီခွဲ ဝန်းကျင်ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ စစ်ဘေးရှောင်တွေ အပါအဝင်သုံးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်မှာ ဖယ်ခုံမြို့နယ်ထဲက ဆိုင်ခွန်ကျေးရွာအနီးကို လေကြောင်းကနေ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
MK-012/CJ-004
#MekongNews
#ဖယ်ခုံဒေသ
#ပီကင်းကျေးရွာ
#စစ်ကောင်စီဗုံးကြဲ
#ဒဏ်ရာရ








