ရှမ်းပြည်တောင်ပိုင်း အတွင်းထဲထိ SSLRU ၀င်ရောက်နိုင်ရေး မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်နေ
မဲခေါင်၊ ဒီဇင်ဘာ ၂၅
မကြာခင်က အဖွဲ့ငယ်တွေကို ပူးပေါင်းပြီး တပ်ရင်းပုံစံ စုဖွဲ့ထားတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ (SSLRU) အနေနဲ့ လက်ရှိလှုပ်ရှားရာကနေ ရှမ်းပြည်တောင်ပိုင်း အတွင်းထဲအထိ ဝင်ရောက်နိုင်ရေး မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။
SSLRU တပ်ဖွဲ့ဟာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းတောင်၊ ကရင်နီဒေသတွေမှာ စစ်မျက်နှာခွဲပြီးလှုပ်ရှားနေကာ တချို့စစ်မျက်နှာတွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထားပြီး ကာကင်းအနေအထားနဲ့ စစ်ကောင်စီကို ဖြတ်တောက်ရေးတွေ၊ ပြောက်ကျားစနစ်တွေနဲ့ လှုပ်ရှားနေတယ်လို့ SSLRU သတင်းနှင့် ပြန်ကြားရေး ကိုမင်းညိုက ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ မဲခေါင်ကို ပြောပါတယ်။
“ထိတွေ့တိုက်ပွဲက လက်နက်ငယ်နဲ့မဟုတ်ဘဲ မိုင်းတွေနဲ့ ဟန့်တားတာမျိုးပါ၊ ပြောက်ကျားသဘောမျိုးပဲဗျ ရန်သူဘက်ကတော့ အထိအခိုက်အနည်းအကျဉ်းရှိပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့၀င်တွေထဲကတော့ အထိအခိုက်မရှိသေးပါဘူး”လို့ သူက ပြောပါတယ်။
SSLRU တပ်ဖွဲ့ဟာ KNDF ဗျူဟာ ၂၊ MOD တပ်ရင်း၊ Loikaw Local PDF နဲ့ အခြားမဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ အတူ မိုးဗြဲကုန်းသာတိုက်ပွဲ၊ တောင်စလုံး၊ မြောက်စလုံးတိုက်ပွဲ၊ ဒီမော့ဆိုကုန်းသာတိုက်ပွဲ၊ လွိုင်ကော် ၁၁၁၁ စစ်ဆင်ရေး အပါအဝင် ရှေ့တန်းစစ်မျက်နှာတိုက်ပွဲတွေမှာ ပါဝင်နေပါတယ်။
SSLRU ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ကစတင်ကာ Force 36 Ranger တပ်ဖွဲ့၊ အောင်ပန်းမြို့ပြပျောက်ကြား တပ်ဖွဲ့၊ Red Ants ၊ Shan Yoma UG PDF စတဲ့ ဒေသခံတပ်ဖွဲ့ လေး ဖွဲ့ပူးပေါင်းပြီး ရှမ်းတောင်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းခဲ့ရာက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှာ ၂ နှစ်ပြည့်ပါတယ်။ အဲ့ဒီနေ့က တပ်ပေါင်းစုပုံစံကနေ တပ်ရင်းပုံစံကူးပြောင်းခဲ့ပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ SSLRU တပ်ဖွဲ့၀င်တွေအနေနဲ့ ပြောက်ကျား စနစ်ဖြင့်ပါဝင် တိုက်ပွဲဝင်ခဲ့ကြရာက တပ်ဖွဲ့တည်ထောင်ခဲ့တဲ့ ၂ နှစ်တာကာလမှာ ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲတွေမှာ SSLRU တပ်ဖွဲ့က ရဲဘော် လေးဦးကျဆုံးခဲ့ပါတယ်။
CJ-017
#MeKongNews









