မဲခေါင်၊ ဒီဇင်ဘာ ၂၅
AA ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့တဲ့ ညီနောင်တော်လှန်ရေး လေးဖွဲ့က စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာမှာဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့အတူ အမ်းမြို့ အပါအဝင် မြို့ပေါင်း ၁၄ မြို့ကိုသိမ်းပိုက်ခဲ့တဲ့ AA ကို ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD)၊ နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီကနေ့(ဒီဇင်ဘာ ၂၅) ပူးတွဲ သဝဏ်လွှာပေးပို့ပြီးဂုဏ်ပြုပါတယ်။
ရက္ခိုင်တစ်ပြည်လုံးစစ်ကောင်စီတပ် ကင်းစင်ပပျောက်သွားအောင် တိုက်ပွဲဝင်နေတဲ့ AA ဟာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ဌာနချုပ်ကိုဦးစီးတဲ့ အရာရှိကြီး သုံးဦး အပါအဝင် တပ်ဖွဲ့ဝင်များစွာကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မကြာမီ ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်တွေကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်မတော် (AA) ရဲ့ ဆက်လက်တိုက်ပွဲ၀င်မှုနဲ့ ရဲစွမ်းသတ္တိကို အခုသ၀ဏ်လွှာနဲ့ ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားသလို အာရက္ခတပ်တော်- AA အနေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတွင်သာ ရပ်တည်မနေပဲ တစ်နိုင်ငံလုံးရှိ ဗမာ အပါအ၀င် ဘ၀တူအဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲမှာ အပြန်အလှန်ဆက်စပ်ပြီး ပြည်သူလူထုတစ်ရပ်လုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအမြင်ကျယ်စွာ ပူးပေါင်းဆောင်ရွက်နေမှုကိုလည်း အထူးဂုဏ်ပြုတယ်လို့ သ၀ဏ်လွှာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အခုပေးပို့တဲ့သဝဏ်လွှာမှာ ၁၀၂၇ စစ်ဆင်ရေးဖေါ်ဆောင်ခဲ့တဲ့ MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကူးကြေညာချက်ထဲက ကတိကဝဋ်တစ်ခုကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်၊ အဲ့ဒါက “မိမိတို့အားလုံးနဲ့ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံးကျော်လွှားနိုင်ရန်နဲ့ စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမယ်” ဆိုတာပါပဲ။
ဒါပေမယ့် ကတိကဝဋ်ပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ထဲမှာ တစိတ်တပိုင်းလွတ်မြောက်မှုရရှိသွားတဲ့ MNDAA နဲ့ TNLA က စစ်ကောင်စီကိုအစပြုထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်ဆိုင်းပြီး စစ်ကောင်စီနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးရေးကို အခုလထဲမှာပဲ တရုတ်နိုင်ငံထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။
တစိတ်တပိုင်းလွတ်မြောက်ရုံနဲ့ အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝရရှိမယ်လို့ အခုသဝဏ်လွှာမှာ ဖေါ်ပြပါရှိပါတယ်။
ဒီအတွက် (PNLO)၊ (PNFC)၊ (NMSP-AD)၊ (MSFC) အနေနဲ့ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေး အတွက် စုပေါင်းတိုက်ပွဲ၀င်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ပြည်သူလူထုအားလုံး လိုလားတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအ၀င် ဘ၀တူညီနောင်တော်လှန်ရေးအဖွဲ့၀င်တွေနဲ့အတူ ခိုင်ခိုင်မာမာလက်တွဲ တိုက်ပွဲ၀င်သွားမှာဖြစ်တယ်လို့ ကတိပေးဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီး တောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ အမ်းမြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်၀မြို့ စတဲ့ မြို့ပေါင်း ၁၄ မြို့ကို AA က သိမ်းပိုက်ထားပြီး ထပ်မံသိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့၊ ပေါင်း ၃ မြို့ပဲ ကျန်ပါတော့တယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် -MNDAA က တိုက်ခိုက်သိမ်းပိုက်ထားတာကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကြီး နှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
CJ-017
#MekongNews
#AA
#နပခ
#ညီနောင်လေးဖွဲ့
#MNDAA








