မဲခေါင်၊ ဒီဇင်ဘာ ၁၈
ဒီနေ့(ဒီဇင်ဘာ ၁၈) နေ့လည် ၁ နာရီခန့်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ဖက်ကမ်း လယ်ထွန်ကျေးရွာအတွင်း လက်နက်ကြီးကျည် အိပ်ပေါ်ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ရှိ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ရှိ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်လည်းပျက်စီးခဲ့တယ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေနဲ့ ဆွေမျိုးနီးစပ်တော်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“အိမ်ကတော့ အတော်ပျက်စီးသွားတယ်၊ အဒေါ်က ဗိုက်ကိုထိတာ၊ အဖွားက နောက်စေ့ကို ထိထားတာ၊ အဖွားက အခြေအနေမဟန်ဘူး၊ စိုးရိမ်ရတဲ့အခြေအနေပေါ့၊ အခုလောလောဆယ်တော့ ဆေးရုံတင်ထားပါတယ်” လို့ သူကပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတချို့ စစ်ရှောင်သူများလည်းရှိပြီး လယ်ထွန်ကျေးရွာအတွင်း ထိခိုက်မှုအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဖယ်ခုံမြို့အရှေ့ဖက်ကမ်း ရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီကနေ့ နံနက် ၇ နာရီခန့်က စတင်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ်ရေများစွာ ရမ်းသမ်းပစ်ခက်နေတာကြောင့် လယ်ထွန်ကျေးရွာ အပါအဝင် မိုးဗြဲအနောက်ခြမ်းက စစ်ရှောင်တွေရှိတဲ့ ကျေးရွာတစ်ရွာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်တစ်လုံး ဗုံးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီးက ရက်တိုင်းလိုလိုပစ်တာပဲ အနည်းနဲ့အများပဲရှိတယ်၊ ဒီရက်မှ မနက်ကတည်းက အများကြီးပစ်နေတာ” လို့ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီက မိုးဗြဲမြို့အနီးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဒရုန်း နေ့စဉ်ပစ်ခတ်တာတွေရှိပြီး အခုအခါ စစ်ရှောင်ပြည်သူတွေရှိတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်း ကျေးရွာတွေကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်လာတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက ဖယ်ခုံမြို့နဲ့ ဆယ်မိုင်အကွာမှာရှိတဲ့ မိုးဗြဲကိုဆက်လက်ထိုးစစ်ဆင်းနေပြီး ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်လို့ သိရပါတယ်။
နို၀င်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခက်တွေတာကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားခြောက်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။
CJ-017
#MekongNews
#ဖယ်ခုံ
#မိုးဗြဲ
#စစ်ကောင်စီ
#လက်နက်ကြီး








