မဲခေါင်၊ ဒီဇင်ဘာ၁၄
ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိူးမြို့မှာ မနေ့က အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်နှစ်ဘက်ပြတ်ကာ လက်နှစ်ဘက်တွင်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေအဖွဲ့ထံက သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက်၊နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်မှာ လားရှိုးမြို့က အရင်စစ်ကောင်စီတပ်နယ်မြေအနီးသို့ သွားရောက်ခဲ့သူတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ (ဒီဇင်ဘာ၁၃)က မန်အိုင်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး တပ်စခန်းနေရာအနီးကို သွားရောက်ခဲ့ရာ လက်ကျန်မြေမြှုပ်မိုင်းတစ်လုံးကို တက်နင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတယ်လို့ သိရှိရပါတယ်။
MNDAA ဟာ လားရှိုးမြို့အတွင်းရှိ ယခင်စစ်ကောင်စီရဲ့ တပ်စခန်းနေရာပတ်ဝန်းကျင်တွေကို မိုင်းရှင်းလင်းရေးပြုလုပ်ထားပေမဲ့ အလုံးစုံပြီးမြောက်ခြင်း မရှိသေးတဲ့အတွက် ဒေသခံပြည်သူများက တပ်စခန်းအနီးကို သွားရောက်ခြင်းမပြုရန် သတိပေးချက်များ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချို့သော ဒေသခံပြည်သူတွေ တပ်စခန်းအနီးပတ်ဝန်းကျင်မှာ အမှိုက်ကောက်တာ၊ ထင်းရှာတာ၊ ဆေးမြစ်တူးတာတွေကို ပြုလုပ်နေတဲ့အတွက် မကြာခဏ မိုင်းနင်းမိတာတွေ ရှိနေတာပါ။
MNDAA တာဝန်ရှိသူတစ်ဦးက “အဲ့ဒီနေရာတွေက ရှင်းလင်းရေးလုပ်နေတာတွေ မပြီးသေးဘူး၊ သတိပေးချက်တွေလည်း ထုတ်ပြန်ထားတယ်၊ ပြည်သူက မလိုက်နာခဲ့ရင်တော့ ပြည်သူတွေပဲ ထိခိုက်မှာ” လို့ ပြောပါတယ်။
ထိခိုက်မိသူအမျိုးသားမှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် လက်တွင်လည်း ဒဏ်ရာရရှိခဲ့ပြီး ယခုလက်ရှိ လားရှိုးမြို့ဆေးရုံကြီးမှာ အရေးကြီးလူနာအဖြစ် ဆေးကုသလျက်ရှိကြောင်း သိရှိရပါတယ်။
MK-012
#MekongNews
#လားရှိုး
#အမျိုးသားတစ်ဦး
#မိုင်းထိ
#ခြေနှစ်ဘက်ပြတ်








