အာဏာသိမ်းခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ရေး IWU က လှုပ်ရှားမှုတစ်ရပ် ပြုလုပ်
မဲခေါင်၊ ဒီဇင်ဘာ ၁၁
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာတရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ရေး ထောက်ခံတဲ့ လူထုလှုပ်ရှားမှု တစ်ရပ်ကို အင်းလေးအမျိုးသမီးသမဂ္ဂက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်အတွင်းမှာ ဒီကနေ့လုပ်ဆောင်နေတယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။
‘ICC Please arrest the terrorist leader “Min Aung Hlaung” အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးပါ စာတမ်းတွေကို ကိုင်ဆောင်ပြီး ရှမ်းပြည်တောင်ပိုင်း တော်လှန်နယ်မြေအတွင်းက ပြည်သူတွေလည်း ပါဝင်လှုံ့ဆော်တာတွေ လုပ်ဆောင်နေတာပါ။
“ မြန်မာနိုင်ငံမှာ လူမဆန်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ သမိုင်းမလှခဲ့သလို သူတို့ရဲ့လုပ်ရပ်တိုင်းကို ကမ္ဘာကသိခဲ့ပါပြီ၊ ဒီလိုလူမဆန်တဲ့ စစ်မိစ္ဆာအုပ်စုရဲ့လက်အောက်မှာ မြန်မာပြည်သူတွေရဲ့ ဘဝဟာ အလူးအလဲခံခဲ့ကြရတယ်၊ ဒီစစ်မိစ္ဆာအုပ်စု ပြုတ်ကျသွားမှသာ မြန်မာပြည်သူတွေရဲ့ ဘဝအေး ချမ်းမှာပါ” လို့ အင်းလေးအမျိုးသမီးသမဂ္ဂ IWUအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီအမြန်ပြုတ်ကျဖို့ အတွက် ဒီအတိုင်းထိုင်စောင့်နေလို့မရပဲ အားလုံးဝိုင်းတွန်းကြဖို့နဲ့ အားလုံး ဝိုင်းဝန်း လှုံ့ဆော်ဖို့လိုအပ်ကြောင်း၊ ဒီကနေ့ ဒီလှုပ်ရှားမှုမှာ ပြည်သူအားလုံးပါဝင်ပေးကြဖို့ လိုအပ်ကြောင်း နှိုးဆော်ပါတယ်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICCရဲ့ ရှေ့နေချုပ် Karim AA Khanက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC သို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
MK-012
#MeKongNews
#ညောင်ရွှေ
#မင်းအောင်လှိုင်
#ICC
#IWU
#ဖမ်းဝရမ်း








