မဲခေါင်၊ ဒီဇင်ဘာ ၈
ကရင်နီပြည်၊ ဒီးဘောင်းခူမြို့နယ်(ဒီးမောဆိုအနောက်ခြမ်း)က စျေးဆိုင်တွေမှာ ဒီဇင်ဘာ ပထမပတ်မှစတင် အခွန်ကောက်ခံတာဟာ သတ်မှတ်နှုန်းထားနဲ့ အခွန်ကောက်ခံချိန် လက်နက်ကိုင်ဆောင်လာတာကြောင့် ပြည်သူလူထုကြား အဆင်မပြေသလို ဝေဖန်မှုအချို့ရှိနေပါတယ်။
နိုဝင်ဘာနဲ့ဒီဇင်ဘာ နှစ်လစာအတွက် စည်ပင်ဆိုင်ရာအခွန်အနေနဲ့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတ်မှတ်နှုန်းအတိုင်း ကောက်ခံမယ့်စာသားပါ စာရွက်ကို လိုက်ကပ်ကာ ငွေကြေးကောက်ခံတာတွေရှိတယ်လို့ အခွန်ဆောင်သူတစ်ဦးက ပြောပါတယ်။
“ဒီတလောက စျေးရောင်းတွေလည်း တအားပါးတယ်၊ ပြီးတော့ တချို့ဆိုင်တွေဆိုရင် အကျိုးအမြတ်သက်သက်မဟုတ်ဘဲ တော်လှန်ရေးအတွက် ပြန်ထောက်ပံ့တာတွေ ရှိတယ်၊ မရှင်းတာတစ်ခုက အခွန်သတ်မှတ်တာပေါ့နော်၊ တစ်သိန်း တစ်သိန်းခွဲဆို ဘယ်လိုမျိုးသတ်မှတ်တာလဲပေါ့၊ သေချာသတ်မှတ်ထားတာ မရှိသေးဘူးပေါ့နော်၊ လာကောက်တာကတော့ KSP (ကရင်နီပြည်ရဲဌာန) ပေါ့၊ KSP က ပုံမှန်ဆို သေနတ်မကိုင်ဘူး၊ အခုက သေနတ်ပါလာတယ်ပေါ့နော်” လို့ အခွန်ဆောင်သူတစ်ဦးက ပြောပါတယ်။
အသားငါးဒိုင်တစ်ခုကို ၁၅၀၀၀၀ ကျပ်၊ ကားဝပ်ရှော့၊ ဘားနဲ့ သိန်း ၂၀၀ အထက် ဆိုင်တွေကို ၁၀၀၀၀၀ ကျပ်၊ ကြက်သားဆိုင်နဲ့ သိန်း ၁၀၀ ကနေ ၂၀၀ ကြားဆိုင်တွေကို ၅၀၀၀၀ ကျပ်၊ သိန်း ၅၀ နဲ့သိန်း ၁၀ဝ ကြားဆိုင်တွေကို ၄၀၀၀၀ ကျပ်၊ သိန်း ၂၀ နဲ့ ၅၀ ကြားဆိုင်တွေကို ၂၀၀၀၀ ကျပ်၊ သိန်း ၂၀ အောက်ဆိုင်တွေကို ၁၀၀၀၀ ကျပ် စသဖြင့် ကောက်ခံတာဖြစ်ပါတယ်။
အခွန်ကောက်ခံတာနဲ့ပတ်သက်ပြီးလို့ IEC အတွင်းရေးမှူး ဦးဗညားက “မြို့နယ်တခုကတော့ စပြီး အခွန်ကောက်တာကို စလုပ်လိုက်တာပေါ့နော်၊ အဲ့အတွက် ပြန်ပြီးကြပ်မတ်နေပါပြီ၊ ဆိုလိုတာက မကောက်ဘူးပြောတာမဟုတ်ဘူး၊ ကောက်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ၊ နှုန်းထားတွေကို သတ်မှတ်မှု မရှိသေးတဲ့ကာလမှာ အမြင်မှားမှုရှိနိုင်တယ်၊ အဲ့လိုမဖြစ်အောင် ပြန်ပြီးကြီးကြပ်မှုတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။
အခွန်ကောက်ခံမှုနဲ့ ပတ်သတ်ပြီး အခွန်ခပေးဆောင်ရသူတွေက ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ ပြောဆိုတာတွေရှိနေကာ IEC အနေနဲ့လည်း အပြီးသတ်အတည်ပြုမှုတွေ ပြုလုပ်ဖို့ မပြီးစီးသေးဘူးလို့ ဆိုပါတယ်။
CJ-004
#MekongNews
#ကရင်နီပြည်
#ဒီးဘောင်းခူးမြို့နယ်
#အခွန်ကောက်
#အခွန်ဆောင်သူတွေ
#အဆင်မပြေ








