မဲခေါင်၊ ဒီဇင်ဘာ-၁
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာမှာ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကညာမော်ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဖောင်ဒေးရှင်းတာဝန်ခံ မော်ရီးရီက ပြောပါတယ်။
၁၆ ရက်လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်အထိသတ်မှတ်ပြုလုပ်တာဖြစ်ပြီး အလွတ်တန်း အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒေသခံနဲ့ စစ်ရှောင်တွေပါဝင်တဲ့ အသင်းပေါင်း ၁၁ သင်းနဲ့ နှစ်ပတ်တာ ကျင်းပမှာဖြစ်ပါတယ်။
“ကဏ္ဍတိုင်းမှာ လူငယ်တွေပါဝင်နေကြတယ်လေနော်၊ လူငယ်တွေမှာ အနာဂတ်တွေ အိမ်မက်တွေရှိတယ်၊ ပြီးတော့ ဘောလုံးမှာ အမျိုးသားဘောလုံးပြိုင်ပွဲရှိပေမယ့် အမျိုးသမီးတွေအတွက်မရှိဘူး၊ အမျိုးသမီးအားကစားသမားတွေလည်းရှိတယ်၊ အဲ့ဒါကြောင့် ကညားဖော်ကနေ ဦးစီးပြီး ဖိတ်ခေါ်ဖလားအနေနဲ့ လုပ်ဖြစ်တယ်”လို့ မော်ရီးရီက ပြောပါတယ်။
ဘောလုံးပွဲ အစီအစဉ်ဖြစ်မြောက်ဖို့အတွက် ကယန်းအမျိုးသမီးအစည်းအရုံး KNWO၊ KNDF စစ်ဦးစီးချုပ်ရုံး၊ IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနတို့က ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
ကညားမော်ဖောင်ဒေးရှင်းက စစ်ဘေးရှောင်လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေအတွက် အားကစားပိုင်းအနေနဲ့ ဘောလုံးသင်တန်းပို့ချတာ၊ ကြက်တောင်ရိုက်သင်တန်းပို့ချတာတွေကို လေးကြိမ်ထက်မနည်း ပြုလုပ်ပေးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာလှူဒါန်းမှုတွေလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
CJ-004
#MekongNews
#အမျိုးသမီးများအပေါ်
#အကြမ်းဖက်မှု
#ပပျောက်ရေး
#၁၆ရက်လှုပ်ရှား
#ဘောလုံးပြိုင်ပွဲ
#ကညားမော်








