မဲခေါင်၊ နိုဝင်ဘာ ၃၀
ဆောင်းရာသီရောက်ရှိလာပြီဖြစ်လို့ ရှမ်းပြည်အတွင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက် စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ Tai Youth Humanitarian Assistance Committee (TYHAC)ထံက သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော် ၊ သီပေါ်မြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀ ကျော်၊ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀ ကျော်၊ ကျေးသီးမြို့နယ်မှာ ၃၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ မဟုတ်ပေမယ့် နီးစပ်ရာမှာ ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“စစ်ဘေးရှောင်စခန်း အတိအကျ ဘယ်နှစ်ခုဘာညာတော့ သူတို့လုံခြုံရေးအရ ပြောလို့မရဘူး၊ အဓိကကတော့ ရှမ်းမြောက်ဘက်မှာ ကျန်ခဲ့တဲ့သူတွေအတွက်က စကစ က လမ်းတွေပိတ်ထားလို့ အကုန်လိုတယ်ပေါ့။ လောလောဆယ်က စစ်ရှောင်က ရှမ်းမြောက်တင် မဟုတ်ဘူး၊ ပင်လောင်းဘက်ကစစ်ရှောင်တွေလည်း ရှိတယ်” လို့ TYHACရဲ့ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေအတွက် TYHAC က အလှူငွေကောက်ခံကာ သွားရောက်လှူဒါန်းပေးဖို့ ပြင်ဆင်နေပြီး စောင်တစ်ထည်ကို ၁၅၀၀၀ ကျပ်၊ အနွေးထည်တစ်ထည်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ပါဝင်လှူဒါန်းနိုင်သလို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ For international transfer(Paypal : [email protected])၊ နဲ့ KBZ Pay(09261851120) ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရှမ်းမြောက်က ဘေးလွတ်ရာဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရသလို တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကျေးသီး၊ မိုင်းကိုင်၊ နမ့်စန် စတဲ့ ဒေသမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိမ်းရှောင်နေရသူ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-TYHAC
CJ-003
#MekongNews
#ဆောင်းရာသီ
#စစ်ရှောင်
#စောင်အနွေးထည်
#ရှမ်းပြည်အတွင်း
#လှူဒါန်းနိုင်








