မဲခေါင်၊ နိုဝင်ဘာ ၇
တာချီလိတ်လေဆိပ်မှာ တာဝန်ကျတဲ့ လဝကနဲ့ လူကုန်တားရဲတွေက ခရီးသွားတွေကို မှတ်ပုံတင်သိမ်းပြီး ငွေညှစ်တာတွေပြုလုပ်နေတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။
တာချီလိတ်လေဆိပ်ကို ရောက်လာတဲ့ ခရီးသည်တွေကို လဝကဝန်ထမ်းတွေက မှတ်ပုံတင်စစ်ပြီး မသင်္ကာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူကုန်တားရဲတွေနဲ့ပေါင်းကာ လူကုန်တားရုံးကို ခေါ်သွားတာလို့ ကိုယ်တွေ့ကြုံရသူတစ်ဦးနဲ့ နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။
“လေယဉ်ပေါ်ကဆင်းပြီဆိုတာနဲ့ ဘယ်ကိုသွားမှာလဲ မေးတယ်။ မဖြေတတ်တဲ့သူတွေဖြစ်ဖြစ်၊ မသင်္ကာတဲ့သူတွေဖြစ်ဖြစ် မှတ်ပုံတင်သိမ်းထားလိုက်တယ်။ ပြီးရင် လူကုန်တားကို လွှဲလိုက်တယ်။ နောက်ပြီး သူတို့ဟာသူတို့ တစ်ယောက်ကို ကျပ် ၅ သောင်းကနေ ၁ သိန်းကြားတောင်းပြီး ပြန်လွှတ်ပေးတာ”လို့ သူက ပြောပါတယ်။
အဲဒီလို မသင်္ကာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ခေါ်ဆောင်သွားသူတွေကို တာချီလိတ်လေဆိပ်က ဝန်ထမ်းတွေက ကြားကနေဝင်ရောက်ညှိနှိုင်းပေးတယ်ဆိုပြီး ငွေတောင်းကာ ပြန်လွှတ်ပေးတာမျိုးလည်းရှိတယ်လို့ လေဆိပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကလည်း ပြောပါတယ်။
“လေဆိပ်-DCA က ဝန်ထမ်းတွေက ကြားကနေညှိပေးပြီးမှ အားလုံးဝေစား၊ မျှစားလုပ်ကြတာ။ ပိုက်ဆံပေးလိုက်ရင်တော့ သွားချင်တဲ့နေရာကို ကားငှားပြီးတောင် ပို့ပေးသေးတယ်။ ငွေညှစ်ခံရတာ တစ်ရက်ကို အယောက် ၂၀ လောက်ရှိတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လဝက ဝန်ထမ်းတွေက မှတ်ပုံတင်မပါတာ၊ သက်ပြည့်မှတ်ပုံတင်မလဲရသေးတား စတဲ့ကိစ္စတွေနဲ့လည်း အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တာတွေရှိတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
လက်ရှိမှာ တာချီလိတ်ကနေ ဟဲဟိုး၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေကို တပတ်မှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက် လေယာဉ်ခရီးစဉ် ပြေးဆွဲနေပြီး ပြေးဆွဲတဲ့ရက်တွေမှာ တစ်ရက်ကို လေယာဉ် ၁၀ စီးခန့်အတက်အဆင်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကတော့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း-MNA၊ မန်းရတနာပုံလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနဲ့ မင်္ဂလာလေကြောင်းလိုင်း (အရင် Air KBZ) တို့ ဖြစ်ပါတယ်။
MK-002








