မဲခေါင်၊ နိုဝင်ဘာ ၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို သွားရောက်နိုင်တဲ့ စစ်ကိုင်း – သစ်ဆိပ် – ရွှေပြည် – လက်ပံလှလမ်း ပိတ်ထားတာကြောင့် လိုင်းကားတွေ လမ်းလွှဲကသွားနေရပြီး ကုန်ကျစရိတ် နှစ်ဆကျော် မြင့်တက်လာတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ဝော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂ ရက်ကတည်းက သွားလာခွင့် ပိတ်ထားတာကြောင့်အခုလို ကူးသန်းသွားလာရေးမှာ ခက်ခဲကြန့်ကြနေရသလို မလိုလားအပ်ပဲ ကုန်ကျစရိတ်မြင့်မားလာတာလို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။ ပိတ်ထားတဲ့လမ်းတွေ ပြန်ဖွင့်မယ့်ရက်ကို အတိအကျ မသိရသလို ထုတ်ပြန်ကြေညာတာမျိုးလည်း မရှိပါဘူး။
လက်ရှိမှာ ရွှေဘို – ကျောက်တန်း – မောင်းကုန်း – တကောင်း – သျှားတော လမ်းက သွားနေရပြီး ဂိတ်ကြေးနဲ့ ကူးတို့ခတွေ ပိုကုန်ကျလာတယ်လို့ မိုးကုတ် – မန္တလေး အပတ်စဉ် သွားလာနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
သူက “ဂိတ်တွေက ရွှေဘိုပတ်လည်မှာ တော်လှန်ရေးဂိတ်တွေ များလာတယ်၊ သူတို့က ပစ္စည်းတစ်ဖာကို ဘယ်လောက်ဆိုပြီး ကောက်တယ်” လို့ပြောပါတယ်။
ယာဉ်လုပ်ငန်းရှင်ဘက်က ကုန်ကျစရိတ်မြင့်တက်လာဝာာကြောင့် ခရီးသည်အနေနဲ့ အရင်က ကျပ် နှစ်သိန်း ပေးစီးရတဲ့ နောက်ခန်းကို အခု ကျပ် သုံးသိန်းခွဲ ပေးရပြီး အရင်က ကျပ်သုံးသိန်းပေးစီးရတဲ့ အရှေ့ခန်းကို အခု ကျပ် လေးသိန်းခွဲအထိ ပေးစီးနေရတာ ဖြစ်ပါတယ်။
ယာဉ်မောင်းတွေဘက်ကလည်း အရင်ကထက် ၈ နာရီခန့် ပိုကြာပြီး တချို့ရက်တွေမှာ ကမ်းကူးဖို့အတွက် ၂ ရက်ခန့်စောင့်ရတာမျိုး ကြုံနေရမို့ ခရီးအခေါက်ရေ နည်းပါးကာ ဝင်ငွေထိခိုက်မှုတွေ ကြုံနေကြရတာပါ။
“အရင်ကလိုတော့ နေ့ချင်းမရောက်တော့ဘူး၊ ကောလင်းကနေ မြစ်ကြီးနားအထိ တက်ပြီးမှ အောက်ကိုပြန်ဆင်းရတော့လေ တော်တော်ကြာပြီး ဒုက္ခရောက်တယ်။ တခါတလေ ခရီးသည်တွေက ဘုန်းကြီးကျောင်းမှာ၊ ကားပေါ်တွေမှာ အိပ်ရတာမျိုး ရှိတယ်။ ကားပေါ်ပေးမအိပ်တဲ့ ကားသမားဆို တော်တော်ဒုက္ခရောက်တယ်” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
အဝေးပြး ယာဉ်လိုင်းတချို့က မန္တလေး -ကျောက်ဆည် – ရွာငံ – ရပ်စောက် – ကျောက်ဂူ – နမ့်လန် ကျောက်မဲလမ်းနဲ့ မန္တလေး – ရွှေဘို – ကသာ – ငါးအိုး – မဘိမ်းလမ်းပိုင်း နှစ်ခုကနေ သွားလာကြတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ဓါတ်ပုံ။ ယာဉ်ကြောပိတ်ဆို့နေတဲ့မြင်ကွင်းဓါတ်ပုံကို ယာဉ်မောင်းတစ်ဦးထံမှရရှိ။
MK-014








