မဲခေါင်၊ အောက်တိုဘာ ၂၂
ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်လားရှိုးမြို့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ်အများ ထိခိုက်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၂ရက် မနက် ၁ နာရီခန့် စစ်ကောင်စီတပ်က လားရှိုးမြို့ ရပ်ကွက် ၁၂ မှာဗုံးလာကြဲသွားတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“လူထိခိုက်တော့မရှိဘူး ဘာလို့လည်းဆိုတော့ ဒေသခံတွေအကုန်နီးပါးက စစ်ရှောင်နေပြီး ဒီမနက်ကျတဲ့အိမ်လဲ လူတွေမရှိတော့လို့ တော်သေးတယ်။ ရပ်ကွက် ၁၂ ဘက်က မန်ဆူနဲ့တော့နီးနီးပဲ ဗုံးကြဲသွားတယ်” လို့ သူက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့က နေစဉ်လိုလိုလေကြောင်းနဲ ဗုံးကြဲမှုတွေပြုလုပ်ပြီး စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ ဘုန်းကြီးကျောင်း၊ နေအိမ်၊ အဆောက်အဦး၊ စာသင်ကျောင်းစတဲ့ နေရာတွေကို ဗုံးကြဲမှုပြုလုပ်နေပါတယ်။
အောက်တိုဘာလအတွင်းမှာ လားရှိုးမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ပေါင် (၅၀၀) အပါ ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူ ၄ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
MK -011










