မဲခေါင်၊ အောက်တိုဘာ ၁၇
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့အဝင် ဆိုင်းဘုတ်ကို စစ်ကောင်စီက မနေ့ (အောက်တိုဘာ ၁၆)ကစပြီး ဆေးရောင် ပြောင်းသုတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးချုပ် ဇော်မျိုးတင်ရဲ့ ဦးဆောင်မှုနဲ့ နဂိုမူလ အနီရောင်ကို အပြာရောင်အဖြစ် ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။
“ယတြာလို့ ပြောတာပဲ။ အောက်ခြေက အဲတာတွေ သိပ်မလုပ်ချင်ကြဘူး။ ယုံလည်းမယုံဘူး။ သူတို့ လုပ်ဆိုတော့ လုပ်ရတာပဲ။ အထဲမှာလည်း အခြေတင် ဖြစ်နေတယ်” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော် အပါအဝင် ကရင်နီပြည်ရှိ မြို့အသီးသီးက မြို့အဝင်ဆိုင်းဘုတ်တွေကို ၂၀၁၅ – ၂၀ ခုနှစ်တွင်း NLD အစိုးရလက်ထက်မှာ အနီရောင်ပြောင်းလဲ ထားတာဖြစ်ပြီး အခု စစ်ကောင်စီတက်လာတဲ့ အချိန်မှာ အပြာရောင်ကို ထပ်ပြောင်းနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း ရန်ကုန်တိုင်းအတွင်းက ဆိုင်းဘုတ်အားလုံးကို စစ်ကောင်စီက အစိမ်းရောင် ဆေးပြောင်းသုတ်ခဲ့ဖူးပါတယ်။
MK-014








