မဲခေါင်၊ အောက်တိုဘာ ၁၂
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်နဲ့နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာလေယာဉ် ဗုံးလာရောက်ကြဲချတာကြောင့် ဒေသခံတစ်ဦးသေဆုံး နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သီပေါမြို့နယ်ထဲက စစ်ကောင်စီလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၃ ကို TNLA က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီက အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ခွဲ အချိန်ကနေ ၇ခွဲအချိန်အထိ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၄၀ နီးပါး ကြဲချခဲ့ပြီး နေ့လယ် ၁ နာရီခွဲ ကနေ ၂ခွဲ အထိ နောက်ထပ် ဗုံးအလုံး ၄၀ ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၁၀ရက်နေ့က သီပေါမြို့ ဇာတ်စုရပ်ကွက်နဲ့ သီပေါအကျဉ်းထောင်အတွင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထောင်အဆောက်အဦးနဲ့ လူနေအိမ် ၇ လုံးကျော် ထိခိုက်ပျက်ဆီးသွားတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်သီပေါမြို့နယ်မှာ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သီပေါဒေသခံတစ်ဦက “တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေရော ခဏခဏကြားနေရတယ်။ လေယာဉ်လဲ လာဝဲ၊ မြို့ထဲမှာ ပစ်ချ၊ မြို့ထဲမှာလည်းလူတွေသိပ်မရှိတော့ဘူး။ အကုန်လွတ်ရာပြေးနေကြတယ်” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နောင်ချိုမြို့နယ်မှာလည်း အင်းဖို့ကျေးရွာပေါ်ကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ လေကြောင်းနဲ့ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၆နာရီခန့်မှာလည်း ဘန့်ဘွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာစစ်ကောင်စီနဲ့ တအာင်းတပ်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး တစ်လနီးပါးတိုက်ပွဲအတွင်း ဒေသခံ ၃၀ ကျော်သေဆုံး ၆၀ ကျော်ဒဏ်ရာထိခိုက်မှုရရှိခဲ့ပါတယ်။
MK – 011














