မဲခေါင်၊ အောက်တိုဘာ ၁၂
TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အောက်တိုဘာလ ဒုတိယအပတ်ကနေစတင်ပြီး တပိုင်တနိုင် ကျောက်တွင်းတွေဖြစ်တဲ့ မြေတွင်းနဲ့ခဲတွင်းတွေကို စတင်လုပ်ကိုင်ခွင့်ပြုပြီလို့ မြို့ခံတွေကပြောပါတယ်။
အခွန်အနေနဲ့ တွင်းလုပ်သားလိုင်စင်အနေနဲ့ တစ်ဦးကို ကျပ် ၃၆၀၀၀ ပေးဆောင်ရပြီး တွင်းခွန်အနေနဲ့ တွင်းအမျိုးအစားအလိုက် မြေတွင်းကို တစ်နှစ်စာ ကျပ် ၂သိန်းခွဲ၊ ခဲတွင်းကို တစ်နှစ်စာ ကျပ်၅သိန်း ပေးဆောင်ရတယ်လို့ ဒေသခံတွင်းသားတစ်ဦးက ပြောပါတယ်။
“မြေတွင်း၊ ခဲတွင်းဆိုပြီးတော့ ၂မျိုးပေါ့။ မြေတွင်းကတော့ လေးပင်လက်ကြား အဲ့လိုမျိုးပုံစံမျိုးပေါ့။ မြော ဒီဖက် ဒေသအခေါ်ပေါ့ နော်။ ခဲတွင်းကတော့သူက ဒီရဲ့ ခဲတောင်တွေမှာ အောက်ကိုလှိုင်ခေါင်းဖောက်ပြီး သူ့ ခဲကြောသွားသလိုပဲ ကျောက်ကြော ရှိရာလိုက်ရတာအဲ့ပုံစံ” လို့ သူကပြောပါတယ်။
PSLF/TNLA အနေနဲ့ တွင်းနေရာတွေကို နေရာအလိုက် သတ်မှတ်ပေးထားခြင်းမျိုးမဟုတ်ပဲ အရင်ရှိပြီးသားလုပ်ကွက်တွေမှာ ပြန်လုပ်ကြတာဖြစ်တယ်လို့ တွင်းလုပ်သားတွေကပြောပါတယ်။
“နဂိုက သူ့တွင်းကိုယ့်တွင်းလေးတွေရှိကြတာပေါ့။ အဲ့လိုမျိုးရှိတဲ့အခါကြတော့ သူ့တွင်းကိုယ့်တွင်းပဲဆင်းကြတာ။ သူတို့ (TNLA)လိုက်ပြီး သတ်မှတ်ပေးထားတာတော့မရှိဘူး”လို့ ဒေသခံကျောက်တွင်းဆရာတစ်ဦးက ပြောပါတယ်။
အခွန်ဆောင်တာအပြင် တွင်းကနေ ရလာတဲ့ကျောက်က ကျပ်သိန်း ၃၀၀ အထက်တန်ဖိုးရှိရင် အခွန်ပေးဆောင်ပြီးမှ ရောင်းချခွင့်ရှိတယ်လို့ အဲဒီကျောက်တွင်းဆရာက ရှင်းပြပါတယ်။
“တွင်းကနေကျောက်ထွက်လာရင် သိန်း ၃၀၀ ရာအထက်ဆိုရင် အခွန် ၁၀ ရာခိုင်နှုန်းဆောင်ရမှာ။ အဲ့ဒါဆောင်ပြီးမှသူတို့ (TNLA) ခွင့်ပြုချက်နဲ့ သူတို့ခွင့်ပြုထားတဲ့ပြေစာရပြီးမှ ဘယ်ကိုရောင်းရောင်း၊ သူကအဲ့ပုံစံ။ သိန်းရာအောက်ဆိုရင်တော့ ဆောင်စရာမလိုဘူး” လို့သူက ပြောပါတယ်။
အရင်က စစ်ကောင်စီ လက်ထက်မှာတုန်းကတော့ ၁၉၉၅ ခုနှစ် ဥပဒေအရ တရားဝင် ၅ ရာခိုင်နှုန်းသာပေးဆောင်ရတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိ မိုးကုတ်မြု့မှာ PSLF/TNLA နဲ့ မိုးကုတ်ဗျူဟာပါဝင်တဲ့ မြို့စီမံအုပ်ချုပ်ရေးကော်မတီက အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတာဖြစ်ပါတယ်။
MK – 016








