မဲခေါင်၊ စက်တင်ဘာ ၂၁ ရက်
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုများကြောင့် ဖောင်တောင်ဦးဘုရား ဒေသစာရီကြွချီပွဲတော်ကို မကျင်းပဖြစ်တော့ဘူးလို့ ဂေါပကနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
လာမယ့် အောက်တိုဘာလ ၃ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်)နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်အတိုင်း ကျင်းပဖို့ စီစဉ်ထားပေမယ့် လတ်တလောမှာ ဘုရားလှေကားအထိ ရေဝင်ရောက်နေတာကြောင့် ပွဲတော်ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
“အခုပဲ လုပ်မယ်ပြော။ အခုပဲ မလုပ်ဘူးပြော။ ဈေးသည်တွေတော့ ရှုံးပြီလေ။ ဘုရားပွဲ ဖြစ်မယ်ဆိုလို့ ရှိတာအကုန်ပေါင်ပြီး ရင်းထားရတာ။ အခုတော့ ပစ္စည်းတွေလည်း ရေမြုပ်။ ဘုရားပွဲကမဖြစ်။ တော်တော်ဒုက္ခပေးတဲ့ မအလ (မင်းအောင်လှိုင်)” လို့ ဈေးသည် တစ်ဦးက ပြောပါတယ်။
ဒေသစာရီကြွချီပူဇော်ပွဲကို ဒီနှစ်ထဲမှာ မကျင်းပဖို့ အင်းလေးနာယက ဆရာတော်တွေနဲ့ ဂေါပကအဖွဲ့က ဩဂုတ်လ ၁၆ ရက်နေ့မှာ စည်းဝေးဆုံးဖြတ်ခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့အမိန့်ကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ အစည်းအဝေးမှာ ကျင်းပဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း ပွဲတော်ကျင်းပဖို့ ရည်ရွယ်ချက်နဲ့ မိုးဗြဲ ရေကာကို ဖောက်ချခဲ့တာကြောင့် အင်းလေးဒေသမှာ ရေတစ်ပေခန့် ကျဆင်းလာပေမယ့် လူနေအိမ်တွေနစ်မြုပ်နေဆဲ ဖြစ်သလို ပွဲတော်ကျင်းပဖို့အတွက်လည်း အလျင်မမီနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသမှာ ကျေးရွာအုပ်စု ၃၄ စု၊ ရွာပေါင်း ၄၄၆ ရွာထဲက ၁၇၁ ရွာအထိ ရေမြုပ်နေပြီး ရေအားလုံးပြန်ကျဖို့အတွက် နိုဝင်ဘာလအကုန်လောက်မှ ဖြစ်နိုင်မယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
အင်းလေးဒေသမှာ ရေကြီးရေလျှံဖြစ်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး (အလောင်းတွေ့ရှိမှုအရ) ပျောက်ဆုံးနေတာတွေလည်း ရာချီရှိသလို စားနပ်ရိက္ခာ၊ မီးသွေးခဲ၊ စောင်နဲ့ ဆေးပစ္စည်းတွေ လိုအပ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံပွဲတော်နဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့အတွက် ဩဂုတ်လ ပထမအပတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ပြီး ဖိအားပေးခဲ့ဖူးပါတယ်။
MK-014













