မဲခေါင်၊ စက်တင်ဘာ ၂၁
ရှမ်းအရှေ့၊ မိုင်းဆတ်၊ မိုင်းတုံခရိုင်အတွင်းက တရားမဝင် ရွှေတူးဖော်မှုတွေမှာ ရေချောင်းတွေကို တားဆီးပြီး ရေလှောင်တမံတွေလုပ်ဆောင်ခဲ့တာကြောင့် ရေကြီးရေလျှံတာကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဒေသခံတွေကဝေဖန်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ယာဂီမုန်တိုင်းတိုက်ခတ်မှုရဲ့နောက်ဆက်တွဲ ရေကြီးရေလျှံမှုမှုမှာ တောင်ကျချောင်းတွေမှာ တရားမဝင်ရွှေသတ္တုတူးဖော်မှုတွေရဲ့ ပရမ်းပတာတူးဖော်တာ၊ မြေစာအစုအပုံတွေ၊ ဆည်ဖို့ လုပ်ဆောင်မှုတွေ၊ သစ်ခုတ်ယူမှုတွေကြောင့် ပိုမိုဆိုးရွားစွာ ရေဘေးဒဏ်သင့်ရတာလို့ ဒေသခံတွေကပြောကြပါတယ်။
“ချောင်းတွေတစ်လျှောက် လုပ်ကွက်တွေက အများကြီးဘဲ မြေစာပုံကြီးတွေ၊ တမံတုတ်ထားတာတွေက ရေစီးကြောင်းပြောင်းတာတွေ ဖြစ်စေတဲ့အပြင် တောင်ကျရေတွေက ဆည်တွေပါကျိုးပြီး ရေအားပိုကြီးတော့ဖျက်ဆီးအား ပို ကောင်းသွားတာ၊ တရားမဝင်ဆိုတော့ ဘာမှ တာဝန်ယူတာမရှိဘူး၊ ပိုက်ဆံရပြီးရော ခွင့်ပြုပေးတဲ့သူတွေကလဲ ဘာမှလုပ်မပေးနိုင်ဘူး၊ ပြည်သူပဲခံရတာ”လို့ မိုင်းဆတ် ဒေသခံ၁ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ပြီးခဲ့တဲ့ ရေကြီးရေလျှံမှုအတွင်း မိုင်းဆတ်-တာချီလိတ် ကားလမ်းက အဓိက ဆိုက်ခေါင်၊ နမ့်ကျန်းတံတားတွေကျိုးကျတာ၊ လွယ်ဆမ်ဆုံတောင်တက်ကားလမ်းပျက်စီးတာတွေအပါ မိုင်းဆတ် မြို့မစျေး
ရေဝင်လို့ ဆိုင်တွင်းကုန်ပစ္စည်းအားလုံးလိုလို ပျက်စီးရတာအပြင် နမ့်ဆွမ်ချောင်းရေဝင်လို့ နေအိမ်အများအပြား ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကုန်စည်တွေ စျေးတင်မရောင်းဖို့နဲ့ ကျောင်းသားတွေကျောင်းတက်နိုင်ဖို့ တံတားတွေကို ဖြတ်သန်းနိုင်အောင် ပြုလုပ်ထားပေးပြီး “ဝ”တပ်ဖွဲ့က ပူးပေါင်းပြင်ဆင်နေတယ်လို့ သိရပါတယ်။
မိုင်းဆတ် က နမ့်ခုတ်၊ နမ့်ဆင်းချောင်းတွေမှာ ရွှေလုပ်ကွက်အများအပြားကို နယ်မြေခံစစ်တပ်က ဌာနေပြည်သူ့စစ်အဖွဲ့တွေနဲ့ တရုတ်လူမျိုးအများအပြားကိုလုပ်ခွင့်ပေးထားတာဖြစ်ပြီး ရေချောင်းတွေဟာ
“ဝ”တောင်ပိုင်းနယ်မြေတွေကိုဖြတ်သန်းစီးဆင်းပြီး တာချီလိတ်၊ မယ်ဆိုင်ချောင်းရေထဲစီးဝင် ကြတာဖြစ်ပါတယ်။
MK-012








