မဲခေါင်၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ် မြောက်ဦးတိုက်ပွဲ မှာ ရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် သေစာရင်းသွင်းပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းမှာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
သေစာရင်းသွင်းပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တပ်မ ၁၁ တပ်မမှူးမှာ အရင်က တာချီလိတ် အခြေချစစ်ဗျူဟာမှာ (၃)နှစ်နီးပါးလောက် တာဝန်ကျခဲ့တာဖြစ်ပြီး တရုတ်ငွေလိမ်ဂိုဏ် ကျားဖြဲန်လုပ်ငန်းတွေကို လိုင်းကြေးယူအကာအကွယ်ပေးခဲ့တဲ့အပြင် အချိုးကျ ရှယ်ယာယူကာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
“သူ့မိန်းမနဲ့တရားဝင်ကွဲထားတာလို့ကြားတယ် ဒါပေမယ့် သူ့ကလေးတွေ ချင်းဟိုင်းဘက်မှာ နိုင်ငံတကာကျောင်းထားပေးထားတယ်ကြားတယ်။ နောက်ပြီး သူနဲ့အနေနီးစပ်တဲ့သူတွေ အဲ့ဘက်မှာ အလှူသွားလုပ်တာလဲကြားတယ်၊ သူတာချီလိတ်မှာနေကတည်းက လာဘ်ရယူခဲ့တဲ့ငွေတွေကို ထိုင်းဘဏ်တွေမှာ အပ်ထားတယ်လို့ကြားတယ်၊ ငွေပေးရင်ထိုင်းမှာ နေထိုင်ခွင့်ကဒ်ကလုပ်လို့ရတယ် ချင်းရိုင်းခရိုင်ထဲမှာ သူအခြေချပုန်းအောင်းနေတာ”လို့ မင်းမင်းထွန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းအတွင်းက လူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောတာပါ။
ရခိုင်မှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရာက တာချီလိတ်မြို့မှာ သူ့နာမည်ပေါက်နဲ့ ဝယ်ယူထားတဲ့ နေအိမ်(၃)လုံးကိုလဲ အကုန်ရောင်းချသွားပြီး ချင်းဟိုင်းခရိုင်အတွင်း အခြေချခိုအောင်းထွက်ပြေးနေတယ်လို့ သူနဲ့နီးစပ်သူတွေဆီက မဲခေါင်သတင်းဌာနက စုံစမ်းသိရှိခဲ့တာပါ။
တပ်မမှူး မင်းမင်းထွန်းမှာ တာချီလိတ် စစ်ဗျူဟာမှာ တာဝန်ကျစဉ် ထိုင်းအစိုးရက အလိုရှိနေတဲ့ SoLo မူးယစ်ဂိုဏ်ခေါင်းဆောင် အိုက်ကိုဆိုသူကို အနီးကပ်ခေါ်ယူကာ အကာအကွယ်ပေးထားပြီး သင်္ကြန်ကာလမှာ တာချီလိတ် စစ်ဗျူဟာဝန်းအတွင်း ပျော်ပွဲရွှင်ပွဲအတူကျင်းပခဲ့တယ်လို့လဲသိရပါတယ်။
တပ်မမှူး မင်းမင်းထွန်းမှာ တာချီလိတ်မှာ အခြေစိုက်ခဲ့တဲ့ တရုတ် ငွေလိမ်ဂိုဏ်နဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေနားက ဘတ်သန်း ရာနဲ့ချီ လာဘ်ငွေရယူခဲ့ပြီး တရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးကာ အကာအကွယ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။
ယခင်က ခေတ်သစ်မီဒီယာက တရုတ်နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရေးသားထားပေမယ့် တပ်မ(၁၁)တပ်မမှူး မင်းမင်းထွန်းမှာ မဲခေါင်သတင်းဌာနမှ လိုက်လံစုံစမ်းချက်အရ တာချီလိတ်က မြို့မိမြို့ဖ အသိုင်းအဝိုင်းနဲ့ တရားမဝင် လုပ်ငန်းတွေလုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံအတွင်း တောင်ပေါ်တိုင်းရင်းသားတွေကို ထုတ်ပေးတဲ့ ယာယီနေထိုင်ခွင့် (၁၀)နှစ်ခံ ကဒ်အသုံးပြုပြီး နေထိုင်နေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
MK-002








