မဲခေါင်၊ စက်တင်ဘာ ၁၉
စံချိန်တင် ရေကြီးနစ်မြုပ်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ တာချီလိတ်မြို့မှာ မြို့ရှင်းလင်းရေးပြုလုပ်နေစဉ်အတွင်း တွေ့တဲ့ရုပ်အလောင်း ၅၀ ထက်မနည်းရှိတယ်လို့ လူမှုကူညီရေးအသင်းနဲ့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရေပြန်ကျသွားပြီးနောက် တင်ကျန်ရစ်တဲ့ နှုန်းနဲ့ မြေကြီးတွေကို ဆယ်ယူရှင်းလင်းရေးလုပ်ရာမှာ လူသေရုပ်အလောင်းတွေ တွေ့ရတာဖြစ်ပြီး ချစ်ကြည်ရေးတံတား ၁ အနီးက ရွှေနန်းတော်ကုန်တိုက်အောက်နဲ့ မြေပြိုကျမှုကြုံခဲ့ရတဲ့ အားခေရွာတို့မှာ လူသေရုပ်အလောင်းတွေတွေ့ရတယ်လို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ရွှေနန်းတော်ကုန်တိုက်အောက်က မြေကြီးတွေကိုဆယ်တော့လည်း ပုပ်ဆော်တွေနံတယ်။ ပုန်းထွန် အားခေရွာမြေပြိုတာ လူသေအလောင်းဖော်တာ ၁၃လောင်းလောက်ရှိပြီ။ မယ်ဆိုင်ချောင်းမှာလည်း လူသေအလောင်းတွေ မျောလာတယ်” လို့ သူက ပြောပါတယ်။
တာချီလိတ်ခရိုင်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၁၄ဦးရှိလို့ ထုတ်ပြန်ထားပေမယ့် ဒါဟာ မြေပြင်အချက်အလက်တွေနဲ့ အတော်လေးလွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင် လက်ရှိ စက်တင်ဘာလ ၁၉ရက်အထိ တူးဖော်တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေနဲ့ မယ်ဆိုင်ချောင်းဘေးမျောလာတဲ့ ရုပ်အလောင်းတွေတင် ၅၀ထက်မနည်းရှိတယ်လို့ ပုန်းထွန်ရပ်ကွက်နေထိုင်သူ တစ်ဦးက ပြောပါတယ်။ ရေကြီးနေစဉ်အတွင်း နေအိမ်တွေနဲ့အတူ မျောပါပြီး ပျောက်ဆုံးသွားသူတွေလည်း ရှိနေပြီး ပျောက်ဆုံးသူ အရေအတွက်ဟာလည်း အနည်းဆုံး ၁၀၀ခန့်ရှိတယ်လို့ သူက ပြောပါတယ်။
ရေကြီးနစ်မြုပ်နေစဉ်အတွင်း တာချီလိတ်မြို့နယ်အတွင်းက ပုန်းထွန်ရပ်ကွက်မှာ လူနေအိမ်တွေ အလုံးလိုက် မျောပါသွားတာတွေရှိပြီး တာလေမြို့မှာရှိတဲ့ ကျေးရွာတွေမှာလည်း နေအိမ် ၂၀ ထပ်မနည်း ရေထဲမျောပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာလည်း ရေဘေးဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး တောင်ပေါ်က သတ္တုလုပ်ကွက်၊ ရွှေလုပ်ကွက်တွေကြောင့် ရေဘေးဒဏ်ကို ပိုခံရတယ်လို့ တာလေမြို့ခံတွေက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းမှာ စက်တင်ဘာလ ၉ရက်ကနေစပြီး ရက်သတ္တပတ်ကြာ စံချိန်တင်ရေကြီးနစ်မြုပ်ခဲ့တာဖြစ်လို့ ထိခိုက်ဆုံးရှုံးမှုတွေ များပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
MK – 004








