မဲခေါင်၊ စက်တင်ဘာ ၈
ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဒီနေ့ စက်တင်ဘာ ၈ရက် မနက် ၄ နာရီဝန်းကျင်က စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၈ ရက် မနက် ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး ရပ်ကွက် ၁၂ က အားကစားကွင်းထဲကျလို့ ကားတွေ၊ အဆောက်အဦးတွေ ပျက်စီးခဲ့ပေမယ့် လူအထိအခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အိပ်မောကျနေကြတာ၊ လူတွေမထိတာကံကောင်းတယ်။ ကားကတော့ ၆စီးလောက်ထိတယ်။ အားကစားခန်းမလဲပျက်စီးတယ်။ ရပ်ကွက်၅ဘက်ကျတာလဲ လူထိတာမကြားဘူး။ Silver Sky Hotel တော့ ပျက်စီးတယ်” လို့ လားရှိုး ရပ်ကွက် (၁) နေသူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ဒီနေ့မနက် ၃ နာရီ ၅၄ မိနစ်မှာ တံတားဦးကတက်လာတဲ့လေယာဥ်ကို သတိထားဖို့ လေကြောင်းအချက်ပေး လူမှုကွန်ရက်က သတိပေးချက်တွေ့ရပါတယ်။
စစ်ကောင်စီဟာ ရန်နိုင်မင်း စစ်ဆင်ရေးအမည်နဲ့ ဆုံးရှုံးခဲ့တဲ့ မြို့တွေကို ပြန်သိမ်းပိုက်နိုင်ဖို့ကြိုးပမ်းရာမှာ အသာစီးရှိတဲ့ လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MK – 012








