မဲခေါင်၊ သြဂုတ် ၁၆
ရှမ်းမြောက် သီပေါမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦး ထပ်မံသေဆုံးရတယ်လို့ သိရပါတယ်။
ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ မှာ ရရှိတဲ့သတင်းအရ စစ်ကောင်စီဟာ သီပေါမြို့ကို မနေ့ညသန်းခေါင် ၁၂ နာရီကနေ မနက် ၁ နာရီ အထိ Y12 နဲ့ ဗုံးလာကြဲသလို မနက်ပိုင်း ၅း၃၀ ကနေ ၁၀ နာရီအထိ ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတယ်လို့ ဒေသခံ ၁ ဦးထံက သိရ ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆိုင်းခေါင်ရွာက အမျိုးသား ၁ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ညကတည်းက ဗိုက်ပွင့် အူထွက်ကျတာ၊ ဒီနေ့မှ ဆေးခန်းရောက်တော့ ဘယ်လိုမှ ကယ်လို့ မရတော့ဘူး” လို့ ဆရာဝန်ကပြောတယ်လို့ သိရပါတယ်။
ညနေပိုင်းမှာတော့ လေယာဉ်နဲ့ဗုံးလာကြဲတာ မရှိသလို တိုက်ပွဲသံလည်း မကြားရဘူးလို့ ပြောပါတယ်။
သီပေါမြို့မှာ အချို့က စစ်ဘေးမရှောင်နိုင်လို့ ကျန်နေရစ်သူတွေရှိနေတာဖြစ်ပြီး နေ့စဉ်လို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် နေ့စဉ်သေဆုံးနေကြရတာဖြစ်ကာ မိသားစုတွေ အဝေးက စိုးရိမ်ပူပန်နေကြသလို အသက်ဘေးမငဲ့
ဘဲ လူထုအကျိုးကိုလုပ်ဆောင်နေတဲ့ နယ်စည်းမခြားနဲ့မြတ်မွန်စေတနာအသင်းတို့ကို အကူအညီတောင်းကာ စစ်ဘေးရှောင်လာကြဖို့ ပြောခိုင်းနေကြပေမယ့် အချို့က ဆက်လက်နေထိုင်နေစဲလို့ သိရပါတယ်။
ယခု သေဆုံးမှုနဲ့ဆိုရင် သီပေါမြို့ကို တော်လှန်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်က စပြီး သေဆုံးသူ ၁၃ ဦး နဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပြီဖြစ်ကာ မြေပြင်မှာ ဒီထက်စာရင်းပိုနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ TNLA နဲ့ PDF မဟာမိတ် တပ်ပေါင်းစုဟာ ခထလရ-၂၃ နဲ့ ခမရ-၅၀၃၊ ၅၀၄ တို့ကို ပြင်းထန်စွာတိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က လားရှိုးဘက်က ဆုတ်လာတဲ့ ဖယ်ခုံ စကခ-၇ လက်အောက်ခံအင်အားနဲ့ မြို့ခံတပ် စုပေါင်း အင်အား ၁ ထောင်ခန့်ကို တိုက်ခိုက်နေရကြောင်း သိရပါတယ်။
MK-012








