မဲခေါင်၊ သြဂုတ် ၁၁
ရှမ်းမြောက်၊ သီပေါမှာ မနေ့မနက် တိုက်ပွဲတွေ ဖြစ်လာနေလို့ နောင်ပိန်ဘက်ကို သီပေါက စစ်ရှောင်တွေရောက်လာနေလို့ စစ်ရှောင်စခန်းတွေ ဖွင့်လှစ်နေတယ်လို့ နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက သိရပါတယ်။
ယနေ့ ဩဂုတ် ၁၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခန့်ကနေပြီး မြို့တွင်းကို လက်နက်ကြီးကျတာအပြင် ဗုံးကြဲမှုတွေပါ ရှိလာနေတဲ့အပြင် သီပေါတံတားအနီးမှာလည်းတိုက်ပွဲတွေ ဖြစ်ပွားလာနေတယ်လို့ သိရပါတယ်။
မနေ့ သြဂုတ်လ ၁၀ ရက်မှာ TNLA,PDF တပ်တွေ သီပေါထောင်က နိုင်ငံရေးအကျဉ်းသား ၂၉ ဦးအပါ အကျဉ်းသား ၁၀၉ ဦးကို ကယ်ထုတ်ပြီးနောက် တိုက်ပွဲဟာ သီပေါမြို့ပြင်က ခလရ-၂၃ ၊ ခမရ-၅၀၃၊ ၅၀၄ တွေ ဘက်ကို ရောက်ရှိသွားတာဖြစ်ပါတယ်။
“ဒီနေ့ မနက်က ကျောက်မဲ ဘက် စစ်ရှောင်တွေ ပြန်ကုန်လို့ စခန်းပိတ်မယ်ပြောပြီး မကြာဘူး၊ သီပေါက လူ ၂၀ ရောက်လာပြီးတဖွဲဖွဲလာနေတာ ခု စခန်းမှာ ၁၀၀ ကျော် မဆံ့တော့လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုရုံးမှာ စခန်းဆက်ဖွင့်ထားတယ် ၊ လာနေတုန်းပဲ၊ သူတို့လဲ မီးမလာတော့ ဖုန်းအားတွေကမရှိ လက်နက်ကြီးကျမှ ပြေးလာနေကြတာ”လို့ ကျောက်မဲ လူမှုကူညီသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သီပေါ က နောင်ပိန်ရောက် စစ်ရှောင်တွေ ဆီက သိရတာကတော့ မနက်ပိုင်း ၁၀ နာရီကျော် မှာ ဆေးရုံဝန်းနဲ့ မီးသတ်ရှေ့ကို လက်နက်ကြီးတွေကျပြီး တရားရုံးနားဘက် ပစ်ခတ်နေကြလို့ စစ်ကောင်စီတပ်တွေ မြို့ထဲ ပြန်တပ်စွဲလား မသိကြတော့ဘူးလို့ ပြောကြပါတယ်။
TNLA ပြန်ကြားရေးကတော့ သြဂုတ်လ ၉ ရက်နေ့ မှာ သီပေါ မိုင်တိုင်-၉ မှာ စစ်ကောင်စီက Y12 နဲ့ဗုံးအလုံး ၅၀ ကြဲခဲ့တယ်လို့ ထုတ်ပြန်ထားပြီး လူမှုကွန်ရက်မှာတော့ မနေ့ သြဂုတ် ၁၀ ရက်နေ့ ည ၁၁ နာရီက ၁၂ နာရီကြား စစ်တပ်က Y12 ဗုံးလာကြဲပြီး TNLA ,PDF တွေက ဇတ်စုနဲ့တုံစင့်ရပ်တွေမှာ အထိုင်ချပြီး တိုက်ခိုက်နေတယ်လို့ တွေ့ရပါတယ်။
တိုက်ပွဲက နမ့်ပေါ့ချောင်းကနေ မြို့မြောက်ဘက်ခြမ်းတော်လျှောက်ပြင်းထန်နေပြီး သိမ်တောင်နဲ့ ပန်စောက်မိန်း တကြောကိုလည်း ဗုံးကြဲနေတာဖြစ်ပြီး စစ်ကောင်စီက ဇတ်စုနဲ့တုံစင့်ကို ပစ်ခတ်တဲ့လက်နက်ကြီးအချို့က မြို့ထဲ အုတ်ကျင်းရပ်ကွက်ဘက် လက်နက်ကြီးကျလို့ အသက်၂၀ အရွယ် ကောင်လေး ၁ ဦး သေဆုံးတယ်လို့ဆိုပါတယ်။
မနေ့ညက ဒဏ်ရာရထားတဲ့ လူ ၄ ယောက်မှာ ၁ ယောက်ဆုံးသွားခဲ့တယ်လို့ သိရပြီး အချို့နေရာတွေမှာ လက်နက်ငယ်ပစ်ခတ်သံတွေကြားနေရတယ်လို့ သိရပါတယ်။
သီပေါနဲ့ ကျောက်မဲမှာ CDMA ဖုန်းအချို့ကလွဲလို့ လိုင်းမရတာအပြင် လျှပ်စစ်မီး မရတာကြာလို့ ဖုန်းအားတွေလဲကုန်နေကြကာ အခုနောင်ပိန်မှာတော့ ATOM ဖုန်းနဲ့ CDMA ဖုန်းတွေ ရနေတယ်လို့ သိရပါတယ်။
TNLA , PDF တွေဟာ သီပေါမြို့ကို သြဂုတ်လ ၁၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ် ခလရ-၂၃၊ ခမရ-၅၀၃၊ခမရ-၅၀၄ တို့ကို တိုက်ပွဲဆင်နေတာဖြစ်လို့ မြို့လူထု က ယနေ့ သြဂုတ် ၁၁ ရက်မှာ အလုအယက် စစ်ရှောင်နေကြတာဖြစ်ပါတယ်။
MK-012








