မဲခေါင်၊ သြဂုတ် ၃
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမှာ စစ်ရှုံးလို့ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီဟာ အောက်ခြေအဆင့် ဒဏ်ရာရသူတွေနဲ့မိသားစုဝင်တွေအပါအဝင် လူဦးရေ ၄၇၀ ကျော်ကို စစ်တပ်ဆေးရုံ တဆရ-၉ (ခုတင်-၁၀၀) မှာ စွန့်ပစ်ထားခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်ကတည်းက လားရှိုးမြို့၊ ရမခဝန်းအတွင်း က ခုတင် ၁၀၀ စစ်ဆေးရုံက ရာထူးကြီးပိုင်းတွေနဲ့ ဆေးဝန်ထမ်းတွေဟာ ဆုတ်ခွာသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိထားသူ အများအပြားနဲ့ မိသားစုဝင် ၄၇၀ ကျော်ကို စွန့်ပယ်ထားခဲ့တာလို့ MNDAA က ကယ်ဆယ်ခဲ့တဲ့ ဒဏ်ရာရတွေနဲ့ မိသားစုဝင်တွေဆီက သိရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
စုံစမ်းမေးမြန်းချက်အရ စွန့်ပယ်ခံထားရသူတွေ အများစုဟာ ပြင်းထန်တဲ့ဒဏ်ရာရထားသူများဖြစ်ပြီး သူတို့ရဲ့အထက်အရာရှိတွေက ရက်စက်စွာစွန့်ပယ်ခံခဲ့ရတာလို့ သိရပါတယ်။
လားရှိုးမြို့တိုက်ပွဲမစတင်မီကပင် အကြီးတန်းအရာရှိများနဲ့ ၄င်းတို့ရဲ မိသားစုဝင်တွေ ဟာ ပြောင်းရွှေ့ဖို့စီစဉ်နေပြီဖြစ်ကာ အချိန်မီမပြောင်းရွှေ့နိုင်သူတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေအဆင့်တွေနဲ့ မိသားစုတွေကို အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ထားတယ်လို့ ဒဏ်ရာရသူတွေ ပြန်ပြောပြတာကို MNDAA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ တပ်အတွင်းမှာ လူတန်းစားခွဲခြားပြီး အောက်ခြေ စစ်သားတွေရဲ့ဘဝဟာ ရာထူးကြီးအရာရှိတွေရဲ့ နိုင်ထက်စီးနင်းတာ၊ စွန့်ပယ်တာတွေ ပြုလုပ်နေတာကို နိုင်ငံတဝှမ်းမှာ တွေ့ရတယ်လို့ ပြောပါတယ်။
MNDAA အနေနဲ့ ဒဏ်ရာရသူတွေကို ကျောပိုးပြီး ပြောင်းရွှေ့ပေးတာကအစ ပြောင်းရွှေ့နေစဉ်မှာပဲ ကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် မှာ စတင်တိုက်ခိုက်ခဲ့တဲ့ လားရှိုးကို ယနေ့သြဂုတ်လ ၃ ရက် ၁လ ပြည့်တဲ့နေ့မှာ အထင်ကရ စစ်တိုင်းကြီး ၁ တိုင်းကို MNDAA နဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်တပ်သမိုင်းမှာ လောက်ကိုင် ဒစက ကျပြီးနောက်ပိုင်း မရှိခဲ့ဘူးတဲ့ အဆင့်မြင့် စစ်တိုင်းကြီး ၁ခု ကျရှုံးသွားတာဖြစ်ပါတယ်။
MK-012








