မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကုန်သွယ်ရေးရုံးမှာ ဇူလိုင်လ စစ်ကောင်စီ လက်အောက်ခံ ဆီကုန်သည်များအသင်းက ရောင်းချပေးတဲ့ စားအုန်းဆီဈေးနှုန်းဟာ စစ်ကောင်စီသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ကွာခြားချက် ရှိနေတယ်လို့ တန်းစီ ဝယ်ယူခဲ့ရသူတွေက ပြောပါတယ်။
စစ်ကောင်စီ ရည်ညွှန်းဈေးဟာ ၅၁၄၅ ကျပ်ဖြစ်ပေမယ့် လက်ရှိမှာ ၆,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပြီး အိမ်ထောင်စုဇယားတစ်ရွက်ကို တစ်ပိဿာပဲ ဝယ်ယူခွင့်ပေးတယ်လို့ ဆိုပါတယ်။
“တိုကင်ယူရတယ်။ နေ့လည်အထိ စောင့်ရတယ်။ တိုကင် မဟုတ်ဘူးဆိုရင် တစ်ပိဿာ ၈,၀၀၀။ အဲဒါတောင် ဆိုင်ဖွင့်ထားမှ ရောင်းပေးတာ။ ဆိုင်မဖွင့်တဲ့လူဆို ပိုက်ဆံရှိလည်း ဝယ်ချင်တိုင်း ဝယ်မရဘူး” လို့ တန်းစီ ဝယ်ယူခဲ့သူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စားအုန်းဆီ တစ်ပိဿာ ရဖို့အတွက် ဆန်တစ်ပြည်ကို ၆,၅၀၀ ကျပ်နှုန်းနဲ့ပါ တွဲလျက် ဝယ်ယူနေရပြီး ဆန်မဝယ်ယူသူတွေကို ဆီရောင်းမပေးဘူးလို့ သိရပါတယ်။
“သက်သာချင်လို့ အချိန်ကုန်ခံပြီး တန်းစီတာလေနော်။ ပိုက်ဆံတတ်နိုင်ရင် အပြင်မှာပဲ ဝယ်မှာပေါ့။ ဆန်ဆိုတာလည်း ကိုယ်နဲ့ အဆင်ပြေတာ ရှိတယ်။ မပြေတာ ရှိတယ်။ တွဲပြီးဝယ်ရတော့ မကောင်းတဲ့ဆန်ကိုပါ စားနေရတယ်” လို့ တန်းစီ ဝယ်ယူခဲ့သူ တစ်ဦးက ဆက်ပြောပါတယ်။
ဆီကုန်သည်များ အသင်းက ရောင်းချပေးတဲ့ နေရာတိုင်းမှာ နေရာဦးပြီးတော့ တိုကင်ရောင်းစားသူတွေလည်း ရှိနေတဲ့အတွက် စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းနဲ့ ၂ ဆနီးပါး ကွာဟတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း စစ်ကောင်စီက သတ်မှတ်ဆန်အိတ် အရေအတွက်ထက် ပိုပြီးသယ်လှောင်တဲ့ ဆန်ဆိုင်တွေကို ဖမ်းဆီးအရေးယူမယ်လို့ ကြေညာထားတာကြောင့် ဆိုင်ရှင်တွေဘက်က ဆန်တွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါသေးတယ်။
ပုံ-ပုံဟောင်း
MK-014










