မဲခေါင်၊ ဇူလိုင် ၂၇
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို ထိန်းချုပ်နယ်မြေအတွင်း ပညာပေးလုပ်ငန်းစဥ်တွေ လုပ်ဆောင်နေတယ်လို့ မန္တလေး PDF က မနေ့ (ဇူလိုင် ၂၆)မှာ ထုတ်ပြန်ပါတယ်။
မန္တလေး PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနအနေနဲ့ ပြည်သူတွေ လိုက်နာကျင့်သုံးသင့်တဲ့ အချက် ၇ ချက်ကို မြေပြင်ဆင်းပြီး အသိပညာပေးအစီအစဥ်တွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ အန္တရာယ်ကင်းရှင်းအောင် ဘယ်လိုပြုမူနေထိုင်ဆောင်ရွက်ရမလဲဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ပြည်သူလူထုကိုပေါ့နော်၊ ကျနော်တို့ အသိပညာမျှဝေတဲ့ အစီအစဥ်တွေ၊ လုပ်ငန်းစဥ်တွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဖြေကြားပေးခဲ့ပါတယ်။
မန္တလေး PDF ကထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့မှာလည်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လှည့်လည် ဆောင်ရွက်နေပြီး မကြာမီ အချိန်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံလာနိုင်တဲ့အတွက် ကိုအော်စမွန်က အခုလိုသတိပေးပါတယ်။
“စစ်ကောင်စီအနေနဲ့ပေါ့နော် စစ်မျက်နှာအသီးသီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအရ ရှုံးမဲမဲပြီးတော့ ပြည်သူတွေကိုပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ပြုလုပ်လာတာမျိုး ကျနော်တို့ တွေ့မြင်နေရပါတယ်”
ပြည်သူတွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါသေးတယ်။
MK-015








