မဲခေါင်၊ ဇူလိုင် ၂၅
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်က တပ်ဦးရွာကို SSPP က ဒရုန်းဗုံးချလို့ ရွာဘုန်းကြီးကျောင်းနဲ့ ကိုရင်အပါအဝင် အမျိုးသမီးတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ RCSS က Tai Freedom Facebook စာမျက်နှာကနေ ရှမ်းဘာသာနဲ့ ဖော်ပြလာပါတယ်။
မနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၂ နာရီမှာ ဒရုန်းဗုံးတွေ လာချတဲ့အပြင် ယနေ့ ဇူလိုင် ၂၅ ရက်မနက်ပိုင်းမှာ ဒရုန်းဗုံး ၄ လုံး လာချလို့ ထိခိုက်ဒဏ်ရာ ရကြတာလို့ ဆိုပါတယ်။
“သူတို့က ရွာမှာ ကျား(RC) တွေ ရှိမယ်ထင်လို့ လာချတာ၊ ရွာက ကိုရင်နဲ့ ကလေးအမေတွေထိကုန်တာ၊ ဒီလိုဘုန်းကြီးကျောင်းကို ဗုံးကြဲတာ မကောာင်းဘူး”လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။
ရွာအတွင်း အခြေအနေတွေ ရှုတ်ရှက်ခတ်နေလို့ ထိခိုက်ဒဏ်ရာသူ အရေအတွက် နဲ့ အိမ်ပျက်စီးမှုတွေကို ဖော်ပြနိုင်ခြင်းမရှိသေးဘူးလို့ ပြောသလို ထိခိုက်ဒဏ်ရာမှု အတိမ်အနက်ကိုလည်း ဖော်ပြလာတာမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ SSPP နဲ့ RCSS တို့ နှစ်ဘက်အပစ်ရပ်မယ် သဘောတူခဲ့တာကို ၄ လအကြာမှာ ကျိုးပျက်ခဲ့ပြီး ရပ်စောက်လူထုနဲ့ ဟိုပုံးဒေသခံရွာတွေက ရပ်ရွာတွေထိခိုက်စေမယ့် တိုက်ပွဲတွေ ၊ မိုင်းထောင်တာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။
MK-012











