မဲခေါင်၊ ဇူလိုင် ၁၇
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုးကန့်လူမှုရေးခန်းမမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် အကူအညီလိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ နောက်ပိုင်းကတည်းက ရှမ်းပြည်မြောက်ပိုင်း ဒေသတွေကနေ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာကြပြီး လတ်တလောမှာ အလှူရှင် နည်းပါးနေတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မိဘမဲ့တွေ တော်တော်များတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတာဆိုတော့ ဘာဆိုဘာမှ ပါမလာကြဘူး။ လိုတာတော့ အကုန်လိုတာပေါ့။ ဖိနပ်ကအစ အင်္ကျီအဆုံးပေါ့။ အနွေးထည်တွေ ဘာတွေထက် ဘာမှကို လဲစရာ မရှိသေးတာ သူတို့က” လို့ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ မိဘမဲ့ ၆၁ ဦးနဲ့ သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ လသားအရွယ်ကလေးတွေလည်း တော်တော်များများ ပါဝင်ပြီး သတ်မှတ်အရေအတွက် ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက် ခန်းမမှာ နောက်ထပ် လက်မခံတော့ဘူးလို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
လတ်တလောဦးစားပေး အနေနဲ့ နေရာထိုင်ခင်း၊ အဝတ်စား၊ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးတွေ လိုအပ်နေပြီး ကျောင်းနေအရွယ် ကလေးတွေအတွက် လက်ခံမယ့်ကျောင်းတွေကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။
“ပိုက်ဆံအဆင်မပြေလို့ ဒီကို ရောက်လာတာပါ။ ပိုက်ဆံသာရှိရင် အိမ်ငှားနေကြမှာပေါ့။ အလှူရှင်က လုံးလုံး မရှိတာတော့ မဟုတ်ဘူး။ စစ်ရှောင် အရေအတွက်နဲ့ မမျှတာ။ အဝတ်စားတွေဆိုရင် ရတဲ့လူကရ မရတဲ့သူက မရနဲ့” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလအတွင်း ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို စတဲ့ မြို့နယ်တွေကနေ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ကလော စတဲ့ မြို့နယ်တွေကို တိမ်းရှောင်လာကြသူအရေအတွက်ဟာ လူဦးရေ သိန်းချီရှိပြီလို့ စုံစမ်း သိရပါတယ်။
MK-014










