မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးကို MNDAA က တိုက်လာတဲ့ ကာလ ၉ ရက်မြောက်မှာ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြု ၃ ဦးကလွဲလို့ ဆရာဝန်၊ ဆရာမတွေအကုန် စစ်ဘေးရှောင်ကုန်ကြလို့ ဒါဏ်ရာရပြည်သူတွေရော ဆေးရုံတက်နေတဲ့လူနာတွေ အတိဒုက္ခရောက်ကာ အသက်ဘေးကြုံနေရပြီလို့ ဒေသခံတွေက ပြောနေကြပါတယ်။
“မြို့ထဲ ဆေးခန်းတွေ ကုစရာ ခွဲစရာရှိရင် ခွဲပေးစေချင်သေးတယ်၊ ခုကတော့ CSO တွေ ပြောနေတာ၊ ကလေးမွေးတာက ရနိုင်သေးတယ်၊ ခွဲဖို့စိတ်ဖို့နဲ့ ထိခိုက်ဒဏ်ရာအရမ်းကြီးတဲ့သူတွေကျတော့ သွေးလိုအပ်တာကအစ ခက်နေပြီ၊ NGO,INGO တွေမှာ ဘတ်ဂျက်ရှိတယ်၊ မိုင်းနင်း၊ သေနတ်မှန်၊ ဗုံးမှန်တာတွေ အတွက်ပေါ့၊ UN လဲ သွားပြီဆိုတော့ သူတို့လဲရှောင်ကုန်ကြပြီထင်တယ်၊ ပြည်သူတွေကို နှစ်ဖက်လုံးက နားလည်ပြီး ကယ်ပေးစေချင်တယ်”လို့ လားရှိုးက လူမှုကူညီသူ အမျိုးသမီး ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒဏ်ရာရ အရပ်သားလူနာတွေကို ပြည်နယ်ဆေးရုံမှာ ကုသဖို့ အဆင်ပြေတော့တဲ့အတွက် စစ်ဆေးရုံပို့ ကုသနေရတာတွေလဲရှိပြီး စစ်ဆေးရုံနဲ့နီးတဲ့ ရပ်ကွက် ၉ တို့ ၁၀ တစ်ဝိုက်က လူနာတွေကို ကုသပေးနေပြီး တချို့သော သူတွေမှာ စစ်ဆေးရုံကို လုံခြုံမှုမရှိဘူးလို့ ယူဆပြီး သွားရောက်ကုသခြင်းမရှိဘူးလို့ သိရပါတယ်။
ရပ်ကွက်-၁၁ မှာရှိတဲ့ ခုတင် ၁၀၀၀ စစ်ဆေးရုံကို လတ်တလောမှာ လူနာတွေပို့နေတာဖြစ်လို့ ပရဟိတအဖွဲ့တွေက သတင်းအချက်အလက်နဲ့ပါတ်သတ်ပြီး မီဒီယာကို ပြန်လည်ဖြေကြားခြင်း မရှိတော့တာတွေလဲ ရှိပါတယ်။
ပြုစုထားတဲ့ စာရင်းအရ ဇူလိုင်လ ၂ ရက်နေ့ ညကနေ ယနေ့ ဇူလိုင်လ ၁၀ ရက် ညနေပိုင်းအထိ အရပ်သားပြည်သူသေဆုံး ၂၇ ဦးရှိနေပြီး ဆေးရုံမှာ ဗုံးစထိမှန်၊ ခေါင်းထိသူ ၂ ဦး သေဆုံးလို့ ၂၇ ဦးရှိပြီ လို့သိရပါတယ်။
လက်ရှိမှာ အရေးပေါ်လူနာများကလွဲလို့ ကျန်လူနာများကို စိုးရိမ်အခြေအနေမဟုတ်ပါက လိုအပ်တဲ့ ဆေးကုသမှု လုပ်ဆောင်ပေးပြီး မိမိတို့နေထိုင်ရာနေရာမှာသာ ပြုစုစောင့်ရှောက်မှုတွေ လုပ်ကြဖို့ လူမှုကူညီရေးအသင်းတွေက ပြောဆိုထားပါတယ်။
ဇူလိုင်လ ၁၀ ရက် မနက်ပိုင်း ၆ နာရီလောက်ကစပြီး ရပ်ကွက်-၉၊ နယ်မြေ-၃ ဘူတာရုံသံလမ်းဘေး ရှောတိုက်ဒုံး ၂ လုံး၊ ရပ်ကွက်-၇ ကွက်သစ်၊ လွယ်မြေကျောင်း ၁ လုံး၊ ထင်းရှုးမြိုင်အနီး ၁ လုံး၊ နေခြည်ကျောင်းအနီး ၁ လုံး၊ တောရကျောင်း ၃ လုံး ၊ လားရှိုးတက္ကသိုလ် အနီး ပါရမီလမ်း ၁ လုံး တို့ ကျရောက်ပေါက်ကွဲခဲ့သလို လူ ၃ ဦးသေဆုံးခဲ့ပြီး လူ ၁၀ ဦးဒဏ်ရာရတာမှာ ၃ ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ဇူလိုင်လ ၁၀ ရက် ညနေပိုင်း ၅ နာရီကျော်မှာ ရပ်ကွက်-၇၊ ၉၊ ၁၀ တို့မှာ လက်နက်ငယ်သံတွေ ပိုမိုကြားလာရပြီး လက်နက်ကြီးသံတွေ ပိုမိုစိပ်လာတာကြောင့် ပြည်သူတွေ သတိ၀ိရိယနဲ့နေထိုင်ကြဖို့ ပြည်သူအချင်းချင်းတိုက်တွန်းအားပေးနေကြကြောင်း သိရပါတယ်။
MK-012








