မဲခေါင်၊ ဇွန် ၂၄
ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို “မူရင်းဒေသသား”အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။
မူရင်းဒေသသား၊ ပြင်ပမှရောက်ရှိလာသူနဲ့ အမြဲတမ်းနေထိင်သူများအား အတည်ပြုတဲ့ နည်းလမ်းစနစ်တွေကို ထုတ်ပြန်ရာမှာ ယင်းကဲ့သို့ ပါရှိလာတာ ဖြစ်ပါတယ်။
ယင်းဒေသမှာ ၁၄ နှစ်နဲ့အထက် နေထိုင်ခဲ့တဲ့ ပြင်ပက ရောက်ရှိလာတဲ့သူတွေကတော့ လျှောက်လွှာတင်ခြင်းကတဆင့် “အမြဲတမ်းဒေသသား” အဖြစ် အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။
ဒေသအတွင်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ယွမ် ၅ သိန်းနဲ့အထက် ပိုင်ဆိုင်သူ၊ သဘောဆန္ဒအလျောက် လာရောက်ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်တဲ့ ပညာရှင်တွေ၊ MNDAA အတွင်း စစ်မှုထမ်း သို့မဟုတ် အုပ်ချုပ်ရေး၏ဝန်ထမ်းအဖြစ် ၃ နှစ်နဲအထက် ပြင်ပက လာရောက်သူတွေအပြင် MNDAA က “နိုင်ငံရေးဒုက္ခသည်”အဖြစ် အသိအမှတ်ပြုသူတွေနဲ့ ယွမ်ငွေ ၅ သိန်းနဲ့အထက် ရင်းနှီးမြုပ်နှံပြီး ၈ နှစ်နဲ့အထက် တောက်လျှောက်နေထိုင်သူတွေကို လူ ၃ ဦးက ထောက်ခံရင် အမြဲတမ်းဒေသသားအဖြစ် အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။
ကိုးကန့်နယ်ကိုရောက်လာတဲ့သူတွေဟာ ဒေသက ထုတ်ပြန်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး ဘာကြောင့်ဘဲလာလာ ၁၅ ရက်ထက် ကျော်လွန်ပါက ယာယီနေထိုင်ခွင့်ပြုလုပ်ဖို့နဲ့ ဒေသသားတွေအနေနဲ့ အခွန်ပေးဆောင်ဖို့၊ အသက် ၁၈ နှစ်ပြည့်ရင် ကျားမမရွေး စစ်မှုထမ်းရမယ် လို့ အာဏာတည်အမိန့်အဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။
MK-012








