မဲခေါင်၊ မေ ၃၀
စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၅ မြို့နယ်မှာ လျှပ်စစ်မီး၂၄ နာရီရရှိပြီလို့ ဒေသခံတွေနဲ့ TNLA တပ်ဖွဲ့ထံက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး TNLA တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့နယ် ၇ မြို့နယ်အနက် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုင်းငေါ့တို့မှာ လျှပ်စစ်မီး ၂၄ နာရီရရှိပြီး ကွတ်ခိုင်မြို့နဲ့ မိုင်းလုံမြို့တွေမှာတော့ လျှပ်စစ်မီးမပေးနိုင်သေးဘူးလို့ TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်ကပြောပါတယ်။
၂၄ နာရီ လျှပ်စစ်မီးရရှိနေတဲ့ မြို့နယ်တွေကို ပေးတဲ့ လျှပ်စစ်ဟာ တရုတ်နိုင်ငံသို့ အဓိက လျှပ်စစ်ပေးပို့နေတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းကနေ ရရှိနေတာပါ။
ကွတ်ခိုင်မြို့မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားခဲ့တဲ့ လျှပ်စစ်မီးတိုင်တွေနဲ့ မီးလိုင်းတွေ ပြန်လည်ပြုပြင်လျက်ရှိပြီး ဇွန်လကုန်ပိုင်းမှာ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ပေးနိုင်မယ်လို့ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။
မိုင်းလုံမြို့မှာတော့ အရင်ကတည်းက ဒီဇယ်အင်ဂျင်နဲ့ လျှပ်စစ်မီးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာဒီဇယ်စျေး အဆမတန်မြင့်တက်နေတာကြောင့် မီးမပေးနိုင်သေးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“မိုင်းလုံကတော့ ပြုပြင်လိုက်ပြီ။ ဒါပေမယ့် ဒီဇယ်စျေးမတက်နိုင်လို့ ရပ်ထားရတယ်။ အရင်က တစ်နာရီနှစ်နာရီလောက်ပေးကြည့်သေးတယ်” ဟု တားအိုက်ကျော်က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအပြီး ရက်ပိုင်းအတွင်းမှာပဲ လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ရရှိနေတာဖြစ်ပြီး မိုးကြီးလေကြီးတိုက်ခတ်ချိန်နဲ့ သစ်ပင်များပြိုလဲချိန်တွေမှာတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိတယ်လို့ နမ္မတူမြို့ခံ မွတ်ဆလင်ဘာသာဝင် အမျိုးသမီး ၁ ဦးက ပြောပါတယ်။ မီတာခကို အရင်စစ်ကောင်စီ လက်ထက်ကောက်ခံတဲ့ နှုန်းထားတွေအတိုင်းသာ ပေးဆောင်ရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်းစီထိန်းချုပ်ထားတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် မြို့ကြီးတော်တော်များများမှာတော့ တစ်နေ့ကို ပျမ်းမျှ အများဆုံး ၄ နာရီထိသာ လျှပ်စစ်မီး ရရှိနေပြီး တစ်ချို့နေရာတွေမှာ ၂ နာရီခန့်သာရရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ မေလ၁ ရက်ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ် ရှိနေပြီး လက်ရှိမှာ ၁ ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်နိုင်တာကြောင့် လိုအပ်ချက်ရဲ့ ထက်ဝက်ခန့် သာ လျှပ်စစ်ဓာတ်အား ပေးနိုင်ကြောင်း ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ တနေ့ကို ပျမ်းမျှ ၂နာရီကနေ ၄နာရီအထိသာ ရရှိနေတာ ဖြစ်ပါတယ်။
မိုင်းမင်းနိုင်(Newsland Media)








