မဲခေါင်၊ မေ ၂၉
လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်မှာ စစ်ကောင်စီတပ်သား၊ ရဲတွေပေါင်းပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်ကို လက်ထောက်ချ သူခိုးတွေ ပစ္စည်းခိုးယူမှုတွေ ပြုလုပ်နိုင်အောင် လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ နောက်ဆုံးပတ်အတွင်း လွိုင်ကော်မြို့မှာ နေရပ်ပြန်စစ်ဘေးရှောင်တွေ တဖြည်းဖြည်းများလာတာကြောင့် မြို့ခံတွေအားလုံး ပြန်မရောက်ခင် ဘယ်အိမ်မှာ ဘာပစ္စည်းရှိတယ်ဆိုတာ ရဲနဲ့ စစ်ကောင်စီတပ်သားတွေက သူခိုးတွေကို အသေးစိတ် ပြောပြပြီး ခိုးခိုင်းနေတာလို့ ဆိုပါတယ်။
ရှမ်းပိုင်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “မနေ့မှ ပြန်ရောက်တာ၊ အခြေအနေက တော်တော်ဆိုးဆိုးပဲ။ အိမ်တိုင်းမှာ ဘုရားစင်တွေဖျက်ဆီးပြီး ဘုရားပန်းအိုးတွေ အကုန်ယူသွားတယ်။ မီးသီးတွေဖြုတ်ယူပြီး ပလပ်ခေါင်းတွေ ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။
သူခိုးတွေဟာ မင်းစုနဲ့ ဒေါနိုးကူးရပ်ကွက်က ဒေသခံတွေနဲ့ မိတ္ထီလာဘက်က လာရောက်သူတွေဖြစ်ပြီး ခိုးရာပါ ပစ္စည်းတွေကို ချယ်ရီကုန်းမှာ ရောင်းချနေကြတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ဒါ့အပြင် တန်ဖိုးကြီး ဆိုင်ကယ်နဲ့ ကားတွေကိုလည်း ရဲနဲ့ စစ်ကောင်စီတပ်သားတွေက သိမ်းဆည်းသွားပြီး လွိုင်ကော်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရုံးမှာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာပြီးနောက် ရှမ်းပိုင်းရပ်ကွက်မှာ ခေတ္တနေထိုင်သူတစ်ဦးက “မကြာခဏ ကင်းပတ်တယ်။ အဲ့ဒီအိမ်ရှေ့မှာ ရဲကားတွေအကြာကြီး ရပ်နေပြီဆိုရင် အဲဒါ သူခိုးခိုးနေလို့ သူတို့စောင့်ပေးနေတာ။ ခိုးတာတောင် မဟုတ်တော့ပါဘူး။ ပေါ်ပေါ်တင်တင်ယူနေတာပါ။ TV တွေ ရေခဲသေတ္တာတွေဆို ရဲတွေကိုယ်တိုင် သယ်ကူနေတာ” လို့ ပြောပါတယ်။
ရှမ်းပိုင်းရပ်ကွက်မှာ ခိုးယူဖို့အတွက် သူခိုးတွေက ရဲကို ခိုးရာပါပစ္စည်းတစ်ဝက် ပေးရတာဖြစ်ပြီး အရင်က လွိုင်ကော်မြို့နယ်၊ ချီကယ်ကျေးရွာမှာလည်း စစ်ကောင်စီတပ်သားတွေက သူခိုးတွေကို အိမ်တစ်လုံး တစ်သောင်းကျပ်ပေးကာ မီးရှို့ခိုင်းဖူးတယ်လို့ နေရပ်ပြန်စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
လတ်တလောကြုံတွေ့နေရတဲ့ ခိုးယူမှုတွေမှာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးရဲ့ တာဝန်ရှိသူတွေကို မေးမြန်းခဲ့ရာမှာတော့ ပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။
MK 014








