မဲခေါင်၊ မေ ၂၈
ရှမ်းမြောက်၊ ကျောက်မဲ-သီပေါကြားက ယာယီကျင်သီတံတားကို မနေ့ မေလ ၂၇ ရက် မနက်ပိုင်းမှာ ပုံမှန်ဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ PSLF/TNLA သတင်းစဉ်က ထုတ်ပြန်ပါတယ်။
မေလ ၂၆ ရက်မှာ တောင်ကျချောင်းရေ ကျဆင်းလာမှုကြောင့် ယာယီတံတားပျက်စီးသွားလို့ ယာဉ်သွားလာမှုကို ခဏပိတ်ထားရာကနေ မေလ ၂၇ ရက် မနက် ၁၀ နာရီခန့်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံလူထုက ပျက်စီးသွားတဲ့နေရာတွေကို သစ်သားတွေနဲ့ ပြန်လည်ပြုပြင်ခဲ့လို့ ဆိုင်ကယ်နဲ့ ယာဉ်ငယ်တွေ ပြန်သွားလာလို့ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“
ရေကြီးရင် တံတားမခံနိုင်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် ကုမ္ပဏီက ဆောက်ပေးတာဆိုတော့လေ၊ စဉ့်အင်ဘက်လိုပဲ ဖောင်နဲ့ကူးနိုင်အောင် အရန်အစီအစဉ်ပါ လုပ်ထားရင်ကောင်းမယ်။ ဒါမှ ခရီးသွားတွေ ကြန့်ကြာတာ မရှိမှာလေ၊ အခုက မိုးအစပဲရှိသေးတာ၊ နောက်ပိုင်းမှာလည်း ဒီလိုဖြစ်ရင် ပြင်ဖို့မလွယ်လောက်ဘူး” လို့ ကျောက်မဲ-လားရှိုးကို အမြဲတမ်းသွာလာနေတဲ့ခရီးသွားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ယခင်က ဓာတ်ပုံရိုက်ခွင့်မရတဲ့ တံတား ခုမှ ဓာတ်ပုံရိုက်ခွင့်ရတာဖြစ်သလို တံတားအနေအထားက နောက်ထပ် ချောင်းရေကြီးလာပါက ပြန်လည်ပျက်စီးမယ့် အနေအထားလို့ ပြောပါတယ်။
စီးဆင်းနေတဲ့ ကျင်သီချောင်းဟာ တောင်ကျချောင်းဖြစ်တာနဲ့အညီ ရေစီးအားပြင်းထန်လို့ တောင်ပေါ်မှာ မိုးများပြီး ရေတကယ်ကျလာရင် လှေနဲ့ကူးဖို့တောင်မလွယ်ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ယခင် အခိုင်အမာ ကျင်သီတံတားကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ယင်းဒေသအတွင်း ကျောက်မီးသွေးထုတ်တဲ့ AAA ကုမ္ပဏီက ကားငယ်တွေဖြတ်သန်းနိုင်ဖို့ ယာယီတံတားတည်ဆောက်ပေးခဲ့တာလို့ သိရပါတယ်။
MK-012








