မဲခေါင် မေ ၂၇
မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ညက မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရှိရာ တောနောရေတံခွန်အနီး ဘုရားကုန်းမှာ ဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် အနီးအနားရှိ ကျေးရွာများအပြင် မြဝတီမြို့ထဲကလူနေအိမ်တွေပါ တုန်ခါမှုရှိခဲ့တယ်လို့သိရပါတယ်။
“ခလရ ၂၇၅ တပ်ဖက်ကနေပစ်တာ အိမ်တွေတောင်တုန်တယ်ပြောတယ်။ မြေပြင်အခြေအနေကတော့ မပြောနိုင်သေးပါဘူး”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒုခေါင်းဆောင်စိုးဝင်းကိုယ်တိုင် ကွပ်ကဲတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဟာ ရက်ပေါင်း ၅၀ ခန့်ရှိလာခဲ့ပြီးတော့ လက်ရှိဒေါနတောင်ခြေမှာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာပါ။ ဒေါနတောင်ကို ဖြတ်ကျော်ပြီး မြဝတီမြို့အရောက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တွေက တွန်းလှန်တိုက်ခိုက်နေကြပါတယ်။
မေလ ၂၃ ရက်က အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်တဲ့ မွေးမြူရေးဇုန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းကို အမှတ် ၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း ၊ ကျားဖြူစစ်ကြောင်း Multirotor Droneတပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့ နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်းကာ Rocket ၆ လုံးနဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများအပါအဝင် လက်နက်ကြီထိမှန် သေဆုံးပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက မေလ ၂၄က ထုတ်ပြန်ထားပါတယ်။
ဒေါနေတောင်ခြေကရှေ့ဆက်မတိုးနိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်များကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း ကော့ကရိတ်မြောက်ပိုင်းရှိ နေအိမ်များကို မီးရှို့ခြင်းပြုလုပ်နေတဲ့အတွက် ပြည်သူများအနေနဲ့ ဘေးကင်းရာအရပ်မှာသတိပြုနေထိုင်ကြဖို့ ကျားဖြူစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။
cj-015
Photo : albinotigercolumn








