မဲခေါင်၊ မေ ၁၅
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။
“ကျနော့်မှာလည်း အချိန် ပြဿနာပဲ။ အဲဒီ တစ်ချိန်ထဲမှာပဲ တိုက်ပွဲဝင်မလား၊ ဆေးကုမလား ဆိုတော့ ကျနော်က တိုက်ပွဲဝင်ဖို့ ရွေးလိုက်တာ ဟုတ်တယ်။ နာမကျန်း ဖြစ်တာကို အောင့်အည်း တိုက်ပွဲကို ဦးစားပေးလိုက်တာ။ ဆေးကု မသွားဘဲနဲ့ တိုင်းရင်းဆေးနဲ့ပဲ ထိန်းလိုက်တာ။ အခုက နည်းနည်း ပင်ပန်းလာတော့။ (တိုက်ပွဲလည်း) တဝက်နီးပါး ပြီးနေပြီဆိုတော့ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ မသိတော့ဘူး” လို့ ပြောခဲ့ပါတယ်။
အကယ်လို့ ဆေးကုမယ်ဆိုရင် သက်သာသွားမှာကို သိပေမယ့် သူ့အတွက် ကိုယ်ကျိုးကို မကြည့်ဘဲနဲ့ လူအများအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်လို့ နောက်ဆုံး အသက်ဆုံးတဲ့ အထိ တော်လှန်ရေးမှာ ပါဝင်သွားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“၂၀၂၂ ခုနစ်ကတည်းက ဆေးကုတာကို အားဖြည့်လိုက်ရင်တော့ လွယ်ကောင်း လွယ်မှာပေါ့။ ဒါပေမယ့် အဲဒီအချိန်ကျမှ ပိုအရေးကြီးဖြစ်လာတော့ ဆေးကုဖို့ကို စိတ်ထဲ ထည့်မထားနိုင်တော့ဘူး။ အခု ဒီနှစ်တော့ ၁ နှစ် နဲ့ ၆ လ ဖြစ်သွားတော့” လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ပြောပြခဲ့ပါတယ်။
တိုက်ပွဲ မစခင်ကတည်းက KIO/KIA ဌာနချုပ်အနီး ဝန်းကျင်က ဆမား၊ နာဖော့၊ ခယာဘွမ်၊ ဘွမ်ရေဘွမ်၊ ဖွန်းပျန်ဘွမ်၊ စိန်လုံ၊ ယောယုံ စတဲ့ စစ်ကောင်စီ စခန်းတွေကို ရှင်းလင်းသွားမှာဖြစ်ကြောင်း ပြောခဲ့တဲ့အတိုင်း ရအောင် လက်တွေ့ အကောင်အထည် ဖော်သွားခဲ့တာကို တွေ့ရတယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဒါပေမယ့် ကျေနပ်ပါတယ်။ အများကြီး လုပ်ပေးနိုင်ခဲ့ပြီ” လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက သူ့ရဲ့ လုပ်ဆောင်ခဲ့မှုအပေါ် ရောင့်ရဲ ခဲ့ကြောင်းလည်း ပြောထားခဲ့ပါတယ်။
စစ်ဦးစီးချုပ် တာဝန်ပေးလိုက်တဲ့ အချိန်ကစ နာမကျန်းဖြစ်၊ အသည်းကင်ဆာဖြစ်နေတာ သိပေမယ့် သူက ဆေးကု မသွားဘဲနဲ့ အများပြည်သူအတွက် တော်လှန်ရေးကို အချိန်ပေးပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်တာကို လေးစား ဂုဏ်ယူကြောင်း နဲ့ တော်လှန်ရေးမှာ စံနမူနာ အတုယူစရာ၊ စိတ်ဓာတ်အင်အား ရစရာ ဖြစ်စေခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းကို သိသူတွေက ပြောပါတယ်။
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ညနေ ၆ နာရီ ၂၃ မိနစ်မှာ အသည်းကင်ဆာကြောင့် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်။
CJ-008
Photo- Gidawn Brang








