မဲခေါင် မေ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စုမှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ခွန်ထွန်းလှိုင်က မေ ၁၄ ကစပြီး စစ်မှုထမ်း မဲပေါက်သူ လူတစ်ဦးကို တစ်နှစ်စာ သိန်း ၁၅၀ နဲ့ကောက်ခံနေတယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စုတစ်ခုလုံးမှာ စစ်မှုထမ်း ၆ ဦး ခေါ်ယူခဲ့ပေမယ့် ပါဝင်သူတွေ မရှိတာကြောင့် လူစားထိုးဖို့အတွက် အိမ်ထောင်စုတိုင်းလိုလို ၁၂၀၀၀၀ ကျပ် ပေးဆောင်ရမှာဖြစ်ပြီး မဲပေါက်သူအနေနဲ့ ပုံမှန် ၁၂၀၀၀၀ ကျပ်အပြင် တစ်နှစ်စာ သိန်း ၁၅၀ လည်း ထည့်ခိုင်းတယ်လို့ သိရပါတယ်။
ငွေကြေးကောက်ခံဖို့ ဖိအားပေးသူဟာ PNA ထိပ်သီးခေါင်းဆောင် ပီတာထွန်းနိုင်ရဲ့ သမက် အုပ်ချုပ်ရေးမှူး ခွန်ထွန်းလှိုင် ဖြစ်ပြီး အရင်ကလည်း စစ်ကောင်စီနဲ့ PNA အတွက် မကြာခဏ စစ်အသုံးစရိတ် ကောက်ခံခဲ့ဖူးတယ်ပြီး စစ်ကောင်စီအလိုကျ ဒေသတွင်း ပအိုဝ်းတိုင်းရင်းသားတွေကို ဖိနိုပ်အုပ်ချုပ်သူတစ်ဦးဖြစ်ပါတယ်။
ရွာခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက “ဘယ်သူမှ မသွားချင်ဘူးလေ။ အရင်တခါသွားတာတောင် သေလား ရှင်လား သတင်းမရသေးဘူး။ မသွားချင်ဘူးဆိုတော့ သူတို့ လူစားထိုးပေးမယ်။ ပိုက်ဆံထည့်ပေး အဲလိုမျိုးပေါ့။ ဒေသခံတွေကတော့ ပိုက်ဆံက ပြန်ရှာလို့ရတယ်။ လူ့အသက်က အစားမရဘူး အဲလို တွေးတာပေါ့” လို့ ပြောပါတယ်။
နောင်ကားရွာခံတွေဟာ ဒေသတွင်း အလုပ်အကိုင် ရှားပါးတာကြောင့် အရွယ်ရောက်သူ အများစုဟာ ထိုင်းနိုင်ငံမှာ အောက်ခြေသိမ်း သွားရောက် လုပ်ကိုင်ကြပြီး မိသားစုဝင်တွေကို လစဉ်ငွေပြန်ပို့ပေးနေရတာကြောင့် အခုလို ကောက်ခံတဲ့ ပမာဏာဟာ အကြပ်အတည်း ဖြစ်စေတယ်လို့ သိရပါတယ်။
“အရင်ကလည်း ခဏခဏ ကောက်တယ်။ ၅ သောင်းကောက်လိုက်၊ တစ်သိန်းကောက်လိုက်၊ တော်နေကြာ ကား၊ ဆိုင်ကယ်တွေအတွက် ကောက်လိုက်နဲ့။ ခွန်ထွန်းလှိုင်က လာကောက်တာ။ အရှေ့တစ်ခေါက်ဟာတောင် အကြွေးမကျေသေးဘူး”လို့ ကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း နောင်ကားကျေးရွာအုပ်စုမှာ PNA က စစ်မှုထမ်း ခေါ်ယူခဲ့ဖူးပြီး အဲဒီတုန်းက မဲပေါက်သူတွေဟာ PNA အတွက် တက်တက်ကြွကြွနဲ့ စစ်မှုထမ်းချင်တာကြောင့် လူစားထိုးစရာ မလိုခဲ့ဘူးလို့ ရွာခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့နဲ့ မလှမ်းမကမ်း အကွာအဝေးမှာ တည်ရှိတဲ့ နောင်ကားကျေးရွာအုပ်စုဟာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ မပါဝင်ပေမယ့် ပအိုဝ်းလူမျိုးတွေသာ နေထိုင်တာကြောင့် PNA အာဏာသက်ရောက်ပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ကြတယ်လို့ နောင်ကားဒေသအကြောင်း ပြုစုထားတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
MK-014








