မဲခေါင်၊ မေ ၁၄
ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA ) စစ်ဦးစီးချုပ် R ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနဲ့ တိုင်း၊ပြည်နယ်၊ခရိုင်၊မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအားလုံးက မေလ ၁၄ ရက်ကနေ ၁၆ ရက်အထိ သုံးရက်ကြာ အလံတိုင်တစ်ဝက်လွှင့်ထူဖို့ NUGက ညွှန်ကြားလိုက်ပါတယ်။
KIA စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်း မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ KIA နဲ့ နီးစပ် သူတွေထံက သိရပါတယ်။
“ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်သွားတာ ဟုတ်တယ်။ ကင်ဆာက အဲလိုပဲ။ ပြည်သူလူထု အားလုံး ဝမ်းနည်းမဆုံး ဖြစ်ရတယ်” လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကွယ်လွန်ချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ အသက် ၆၂ ရှိနေပြီးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဒု စစ်ဦးစီးချုပ် ရာထူး ကနေ စစ်ဦးစီးချုပ် ရာထူး တာဝန်ယူထားတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ မကြာသေးမီက သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီစခန်းတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့အတူ လှည့်လည်စစ်ဆေးခဲ့ပါသေးတယ်။
ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီးတော့ တေးရေးကိုမောင်မောင်ရေးဖွဲ့ပြီး အဆိုတော်မွန်းအောင်ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ “၈/၈၂ အင်းလျား”သီချင်းရဲ့ Bassဂစ်တာတီးခတ်သူဖြစ်တယ်လို့ သိရပါတယ်။
CJ-015








