မဲခေါင်၊ မေ ၁၁
စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။
PNA ဒုစစ်ဦးစီးချုပ် ဖြစ်သွားတဲ့ နေဝင်းထွန်းဟာ အရင်က တပ်ရင်း ၄ ရဲ့ တပ်ရင်းမှူးအပြင် ပတ္တမြားနဂါးကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ PNO ရဲ့ စီးပွားရေးတာဝန်ခံအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ပအိုဝ်းခရိုနီတစ်ဦးအဖြစ် နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။
၂၀၂၄ နှစ်ဉီးပိုင်းက စတဲ့ ပအိုဝ်းဒေသတိုက်ပွဲတွေအတွင်း မိုင်းပန်၊ ကောင်တန်အရပ်က ခနောက်စိမ်းတွေကို ကာကွယ်ဖို့ လွယ်ထွယ်ရွာတိုက်ပွဲအတွင်း သူ့ရဲ့တပ်ရင်း-၄ နဲ့ PNLA တိုက်ပွဲဖြစ်ပွားခဲ့ရာ တင်ပါးကို သေနတ်ကျည်ဆံမှန်လို့ နေပြည်တော် ခုတင်-၁၀၀၀ မှာ ဆေးကုသခံယူခဲ့ရတာပါ။
PNAရဲ့ မေလ ၈ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးတန်ခွန်မြင့်အောင်၊ ဒုစစ်ဦးစီးချုပ်(၁)အဖြစ် ဗိုလ်မှူး နေဝင်းထွန်း နဲ့ ဒုစစ်ဦးစီးချုပ်(၂) အဖြစ် ခွန်စိန်မင်းတို့ကို မေလ ၃ရက်ကစပြီး ခန့်အပ်တယ်လို့ ပအိုဝ်းဘာသာနဲ့ ရိုက်နှိပ်ဖော်ပြထားတာဖြစ်ပါတယ်။
PNO အထူးဒေသ(၆) စစ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ နယ်မြေလုံခြုံရေးကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နိုင်ဖို့ ရာထူး အပြောင်းအလဲတွေပြုလုပ်ရတာလို့သိရပြီး လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့အတူ တော်လှန်ရေးတပ်တွေကို ပြန်လှန်တိုက်ခိုက်ပြီး ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေကို နိုပ်စက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အရင်က ဦးနေဝင်းထွန်းဟာ တောင်ကြီးမြို့ စဝ်စံထွန်းဈေးအတွင်း ဈေးအကူလုပ်သားလုပ်ရာက ၈၈ အရေးအခင်း တောင်ကြီးမြို့လယ်တရုတ်ဘုံကျောင်းရှေ့ ဆန္ဒပြပွဲမှာ ပါဝင်တာကြောင့် စစ်ကောင်စီက လိုက်လံပစ်ခတ်လို့ ထွက်ပြေးရာက PNO အဖွဲ့ထဲရောက်ရှိသွားခဲ့တာလို့သိရပါတယ်။
PNO အဖွဲ့ရဲ့ မိုင်းရှုးရတနာမြေ ကျောက်လုပ်ကွက်မှာ ကျောက်အောင်ပြီး ချမ်းသာလာကာ PNO ရဲ့ စီးပွားရေးတာဝန်ခံအဖြစ် PNO ပြည့်သူ့စစ်ရဲ့ ထိပ်တန်းရာထူးတွေရယူထားသူဖြစ်ပါတယ်။
ဦးနေဝင်းထွန်းမှာ PNO အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် ပအိုဝ်းတိုင်းရင်းသားစစ်စစ်မဟုတ်ဘဲ အင်းသားနဲ့ အန္ဒိယနွယ်ဖွားစပ်သူဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက်သာ PNOထဲပါဝင်နေပြီး ပအိုဝ်းအမျိုးသားရေးအတွက် လုပ်ဆောင်နေတာမဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေပြီး ပအိုဝ်းပြည်သူ့စစ်မှာ စစ်ဘက်ရေးရာ ဒုတိယရာထူးအကြီးဆုံးနဲ့ ခရိုနီတစ်ဦးဖြစ်ပါတယ်။
MK-012








