မဲခေါင်၊ ဒီဇင်ဘာ ၂၅
ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ လောက်ကိုင်ကို ရှမ်းတောင်အခြေစိုက် တပ်မ ၅၅ မှ စစ်ကူပို့လိုက်တဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့် MNDAA ထံ လက်နက်ချအညံ့ခံခဲ့တယ်လို့ မဲခေါင်သတင်းဌာနရဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ ၅၅ မှ စစ်ဗျူဟာနှစ်ခု ထုတ်နုတ်ပြီး လာရှိုးမြို့ကို ဗျူဟာတစ်ခု၊ လောက်ကိုင်မြို့ကို ဗျူဟာတစ်ခု ပို့ဆောင်ခဲ့တာဖြစ်ပြီး လောက်ကိုင်ကို ပို့လိုက်တဲ့ ဗျူဟာတစ်ခု အင်အား ၁၀၀ ကျော်ခန့် လက်နက်ချခဲ့တာဖြစ်တယ်လို့ မဲခေါင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လောက်ကိုင်တစ်ဗျူဟာကတော့ လက်နက်ချတယ်ကြားတယ်၊ တစ်ဗျူဟာမှာ တပ်ရင်း ၃ ရင်းပါတယ်။ အခုသူတို့ (စစ်ကောင်စီတပ်) ရှေ့ထွက်အင်အားနဲ့ တွက်ကြည့်ရင် ၁၀၀ ကျော်ကျော်၊ ၂၀၀ လောက်ပေါ့၊ အခု တပ်ရင်း ၁ ရင်းမှာ အင်အား ၅၀၊ ၆၀ ဝန်းကျင်နဲ့ ရှေ့တန်းထွက်နေတာ၊ (အဲ့ဒါကို) ရာဂဏန်းလောက် လက်နက်ချတယ်ဆိုတော့ ကြီးကြီးမားမားပဲ” လို့ မဲခေါင်စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ် မှာလည်း စစ်ကောင်စီအများအပြားလက်နက်ချသည့် ရုပ်သံတွေပျံ့နှံနေပြီး အဲ့ဒီရုပ်သံတွေမှာ စစ်ကောင်စီယူနီဖောင်းဝတ် အများအပြားမြင်ပင်ရိုင်းမှာကြား လက်နက်မပါဘဲ MNDAA တပ်ဖွဲ့ရဲ့ ဝိုင်းပတ်ပိတ်ဆို့ခံထားရတာ တွေ့ရပါတယ်။
လောက်ကိုင်မြို့နယ်အတွင်းက လောက်ရှမ်းထန့်နယ်ခြားစောင့်တပ်၊ လောက်ကိုင် (၃၁၁) ငြိမ်းချမ်းရေးကွင်း၊ ကွမ်ရင်ရှမ်တောင်ခြေ၊ တာကြာကျိုင့်၊ ကျင့်ရှမ့်ချိန်စတဲ့ လောက်ကိုင်မြို့တွင်းက နေရာတွေကို MNDAA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အဲ့ဒီနေရာတွေကို ၃ ရက်အတွင်း ၄၉ ကြိမ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပါတယ်။
လောက်ကိုင်မြို့တွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေနဲ့ စစ်ကောင်စီရာဂဏန်းနီးပါး လက်နက်ချအညံ့ခံခဲ့တဲ့အကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူထံ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည် ဖြေဆိုခြင်းမရှိသေးပါ။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်ဒေသအခြေစိုက် ခလရ-၁၂၅ တပ်ရင်းဟာ နိုဝင်ဘာ ၂၈ ရက်နေ့မှာ အလံဖြူထောင်ပြီး MNDAA ထံ လက်နက်ချ အညံ့ခံခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်မတိုင်မီ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း လောက်ကိုင်အခြေစိုက် ခလရ-၁၂၉ တပ်ရင်းတစ်ရင်းလုံးနဲ့ တပ်မိသားစုဝင်များပါ MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့ပါသေးတယ်။
#MeKongNews
#လောက်ကိုင်
#ကိုးကန့်
#စစ်ကောင်စီ
#လက်နက်ချ
#MNDAA
#ပြည်သူ့စစ်








