မဲခေါင်၊ နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ထီးချိုင့်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးနဲ့ သာမက လေကြောင်းကပါ တရစပ် ပစ်ခတ်နေတယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ထီးချိုင့်နဲ့ မြတောင်ရွာကြားက တံတားပေါ်နဲ့ မြတောင်ကျေးရွာ အထိုင်စခန်းကနေ ထီးချိုင့်မြို့ထဲကို မနေ့ နိုဝင်ဘာ ၉ ရက်၊ ညဘက်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာတော့ လေကြောင်းက ဗုံးကြဲမှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“မြို့သိမ်းဖို့က တိုက်နေတုန်းမလို့ မပြောနိုင်သေးပါ။ လောလောဆယ် ရွှေဂူတောင် ဘုန်းကြီးကျောင်းဘက်ကို တပ်ဖွဲ့ဝင်များ အခြေချနိုင်အောင် ကြိုးစားနေပါတယ်” လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ထီးချိုင့်မြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ စတင်ခဲ့ရာ ဒီကနေ့ ၃ ရက်မြောက်အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတာ ဖြစ်ပါတယ်။
မနေ့ညက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့ပေါ် အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်တွေက နေအိမ်တွေပေါ် ကျရောက်ပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
လက်ရှိ ထီးချိုင့်မြို့ပေါ်မှာ မြို့ခံတချို့ ပိတ်မိနေပြီး မြို့ပေါ်ကို လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် ထိတ်လန့်နေရကာ မနေ့က စစ်တပ် ဗုံးကြဲမှုကြောင့် မင်္ဂလာရန်ကင်းကျောင်းတိုက် ဆရာတော် ဦးစန္ဒာသီရိ ပျံလွန်တော်မူပြီး ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ သိရပြီး တော်လှန်ရေးတပ်တွေ အနေနဲ့ တိုက်ပွဲ မဖြစ်ခင် ကတည်းက မြို့ခံတွေ ပြောင်းရွှေ့နိုင်ဖို့ သတိပေး တိုက်တွန်းခဲ့ သလို လက်ရှိ ပြောင်းရွှေ့နိုင်ဖို့ ကူညီနေတယ်လို့လည်း သိရပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေ နိုဝင်ဘာ ၈ ရက်ကစပြီး ပိတ်ထားခဲ့ပါတယ်။
MK–009








