မဲခေါင်၊ နိုဝင်ဘာ ၅
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေချပြီး လွိုင်ကော်ဖက်ကို ပြန်လာတဲ့ ယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ ရက် မနက် ၁ နာရီကစပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“ကားကိုပစ်တာ နှစ်စီးထိတယ်။ တစ်စီးတော့ ရပ်သွားတာပေါ့နော်။ ဒါပေမယ့်သူတို့က ချက်ချင်းပြန်ဆွဲတယ်။ အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိတယ်။ ကားခေါင်းကို RPG တည့်တည့်ထိတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်သေမှာပဲလေ။ ကပ်လို့တော့မရဘူး။ ညအချိန်ဖြစ်နေတော့သေချာတော့မမြင်ရဘူး” လို့ ပါဝင်တိုက်ခိုက်ခဲ့ သူက ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်းအစီး ၃၀ ကျော်က ဘောလခဲကနေ လွိုင်ကော်မြို့ကို ပြန်ဖို့အတွက် ညအချိန်တွေမှာ ဖြတ်သန်းသွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။
ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တန်းကို ကြားဖြတ်ကတိုက်ခိုက်မှုပေါင်း ၃ ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ယာဉ်တချို့ ပျက်စီးထိခိုက်တာ၊ စစ်သားအချို့ သေဆုံးတာ ရှိနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ယာဉ်တန်းတချို့က လွိုင်ကော်မြို့ကို ရောက်နေနိုင်ပြီး ဖရူဆိုမြို့နယ် အမှတ် ၁၄ လေ့ကျင့်ရေးကွင်းမှာလည်း စစ်ကောင်စီယာဉ်တန်းတချို့ရှိနေသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ယာဉ်တန်းဖြတ်ဖို့အတွက် နှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေလို့ နေအိမ်အချို့ ယမ်းစတွေထိမှန်ပျက်စီးခဲ့ရပါတယ်။
CJ-004
ပုံစာ- ရှေ့တန်းစစ်မျက်နှာပြင်မှာ တွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တွေရဲ့ ပုံအဟောင်းဖြစ်ပါတယ်။








