မဲခေါင်၊ နိုဝင်ဘာ ၂၂
ဖမ်းဆီးရမိတဲ့ စစ်ရာဇဝတ်သား စစ်ကောင်စီ တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကို ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီ စစ်တိုက်လေယာဉ်မှူးဟာ နိုဝင်ဘာ ၁၁ ရက် ကရင်နီပြည်နယ်ရှိ ပြည်သူလူထုကို K-8W အမျိုးအစား တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေစဥ် ကရင်နီပြည် တော်လှန်ရေး ပူးပေါင်းတပ်ရဲ့ တပ်ဖွဲ့ဝင်တွေ တန်ပြန် ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ပါတယ်။
ပျက်ကျတဲ့ တိုက်လေယာဉ်ပေါ်က ထွက်ပြေး လွတ်မြောက်သွားတဲ့ လေယာဉ်မှူး ၂ ဦးအနက် လေယာဉ်မှူး တစ်ဦးကို နိုဝင်ဘာ ၁၉ ရက်မှာ လက်ရ ဖမ်းဆီးရမိ ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး၊ တော်ငူလေတပ်မှ ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ IEC ကဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေး လွတ်မြောက်နေတဲ့ စစ်ကောင်စီ တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်မောင် ကို ဖမ်းမိရေး ရှာဖွေနေဆဲ ဖြစ်တယ်လို့ IEC ကဆိုပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အပြစ်မဲ့ ပြည်သူလူထုကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်သား စစ်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
CJ-002
#MeKongNews
#IEC
#NUG
#တိုက်လေယာဥ်မှူး
#ဗိုလ်မှူး








