မဲခေါင်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် ပစ္စတိုသေနတ် ၂ လက် အပါအဝင် Happy Water၊ ကတ်တမင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းက ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄)၊ ပန်းတင်လမ်းမဘေးရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း စိုင်းဆိ ဆိုသူကို တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
တွေ့ရှိသည့် ပစ္စည်းများမှာ Glock 26 Gen-4 ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ၀.၃၈ ကျည် ၁၀ တောင့်၊ GLOCK-17 AUSTRIA Gas ပစ္စတို ၁ လက်၊ Gas ပစ္စတိုကျည်အိမ် ၁ ခု၊ Happy Water ၅၀ ဂရမ်၊ ကတ်တမင်း ၁၀ ဂရမ်နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ စိုင်းဆိမှာ ကွန်ဟိန်းမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာနေသူဖြစ်ပြီး တောင်ကြီးမြို့တွင် ယာဉ်မောင်းအဖြစ် လာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို နမ့်စန်ဘက်မှ ဝယ်ယူရရှိခြင်းဖြစ်သည်ဟု ထွက်ဆိုထားပြီး ၎င်းကို တောင်ကြီးနယ်မြေရဲစခန်း၌ လက်နက်မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#MeKongNews
#တောင်ကြီးမြို့နယ်
#မူးယစ်ဆေးဝါး
#သေနတ်
#ဆိုက်ခေါင်ကျေးရွာ








