မဲခေါင်၊ ဇူလိုင် ၂၄
ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊ ဒုံးကျည်၊ ဒရုန်းဆက်စပ် လက်နက်ကိရိယာများကို ယခုလအတွင်း ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ် ၄ ဦးကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။
IRGC တပ်မှူးများနှင့် စစ်လက်နက်ပစ္စည်းများကို အီရန်က ယီမင်နိုင်ငံသို့ ယခုလ ၁၃ ရက် က လေယာဉ်ဖြင့် ပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသော အီရန်သတင်းရင်းမြစ် ၂ ဦး၊ ယီမင်ပြန်ကြားရေးဝန်ကြီးနှင့် ဒေသတွင်း လုံခြုံရေးဆန်းစစ်လေ့လာသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မာဟန်လေကြောင်းလိုင်း ခရီးစဉ်တွင် အကြီးတန်းတပ်မှူးများ အပါအဝင် IRGC အရာရှိကြီး ၁၀ ဦးမှ ၁၂ ဦး အထိ လိုက်ပါခဲ့ကြောင်း အီရန်သတင်းရင်းမြစ် ၂ ဦးက ဆိုသည်။
မူလက ဟူသီတို့ ထိန်းချုပ်ထားသော ယီမင်မြို့တော် ဆာနား လေဆိပ်၌ ဆင်းသက်ရန် ဖြစ်သော်လည်း ဆော်ဒီထောက်ခံသော နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရ၏ ဆာနားလေဆိပ်အပေါ် တိုက်ခိုက်မှုကြောင့် ၎င်းလေယာဉ်သည် ဟူသီတို့၏ အမာခံဒေသရှိ ဟိုဒေးဒါလေဆိပ်တွင် ပြောင်းလဲဆင်းသက်ခဲ့ရသည်။
ဟူသီတို့၏ စစ်ဆင်ရေးများကို ကူညီရန်နှင့် ဒုံးကျည်စနစ်သစ်များအတွက် လေ့ကျင့်ပေးရန် အီရန်တပ်မှူးများကို ယီမင်သို့ စေလွှတ်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
ယီမင်နိုင်ငံမှ အီရန်မဟာမိတ်ဟူ သီအဖွဲ့သည် ဆော်ဒီထောက်ခံသော နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရ နှင့် ၁၀ နှစ်ကျော်ကြာ ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေပြီး ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
အီရန်ကမူ ဟူသီအဖွဲ့အား ဒုံးကျည်များ၊ ဒုံးကျည်နည်းပညာများဖြင့် ထောက်ပံ့ပေးခြင်း မရှိကြောင်း အကြိမ်ကြမ် ငြင်းဆိုခဲ့သည်။
ယင်းအပေါ် မှတ်ချက်ပေးရန် အတွက်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ချင်းဆက်သွယ်၍ မရခဲ့ကြောင်း သတင်းက ဖော်ပြသည်။
ဟူသီတို့ကလည်း အီရန်၏ လက်ဝေခံဖြစ်သည်ဆိုခြင်းကို ငြင်းဆိုပြီး ဒုံးကျည်များကို ၎င်းတို့ဘာသာ ထုတ်လုပ်ကြောင်း ယခင်က ပြောကြားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ဟူသီအဖွဲ့
#ဒုံးကျည်ပစ္စည်းများ
#IRGC တပ်မှူးများ
#ပို့ဆောင်








